မာလီအာဏာသိမ်း စစ်အစိုးရကို လူထောင်ချီဆန္ဒပြ

မာလီနိုင်ငံ မြို့တော် ဘာမာကိုမှာ အသွင်ကူးပြောင်းရေး စစ်အစိုးရအပေါ် အိမ်နီးချင်းနိုင်ငံတွေက စီးပွားရေးပိတ်ဆို့မှုကို ဆန့်ကျင်ကြပြီး ဇန်နဝါရီ ၁၄ ရက်က လူထောင်ပေါင်များစွာ ဆန္ဒပြခဲ့ပါတယ်။
မာလီဟာ ပြင်သစ်ရဲ့ ကိုလိုနီနိုင်ငံဟောင်းဖြစ်ပြီး အာဏာသိမ်းအစိုးရက သက်တမ်းဆက်တိုးချဲ့ဖို့ ကြိုးစားတာကို ပြင်သစ်နဲ့ အနောက်အာဖရိက ဘုံစီးပွားရေးအဖွဲ့ (ECOWAS) တို့က ကန့်ကွက်ပြီး စီးပွားရေးပိတ်ဆို့မှုတွေ လုပ်ထားတာပါ။
မြို့တော်ရဲ့ လွတ်လပ်ရေးရင်ပြင်မှာ “ပြင်သစ် ကျရှုံးပါစေ၊ အီကိုဝပ်စ် ECOWAS ကျရှုံးပါစေ” ဆိုတဲ့ ကြွေးကြော်သံတွေ တိုင်ခဲ့ပါတယ်။
မာလီစစ်တပ်က ၂၀၂၀ မှာ အာဏာသိမ်းခဲ့ပြီး ဒီနှစ် ဖေဖော်ဝါရီလမှာ ရွေးကောက်ပွဲကျင်းပပေးဖို့ ကနဦး ကတိပေးခဲ့ပေမဲ့ မကြာခင်က ၂၀၂၅ ဒီဇင်ဘာအထိ သက်တမ်းတိုးလိုက်တာကြောင့် ပြင်သစ်နဲ့ အိမ်နီချင်းနိုင်ငံတွေက စီးပွားရေးပိတ်ဆို့ထားတာပါ။
ဒါပေမဲ့ မာလီပြည်သူအများအပြားက လက်ရှိကြားဖြတ်သမ္မတ စစ်ခေါင်းဆောင် အက်စီမီ ဂွိုက်တာက သမ္မတ အီဗရာဟင် ဘူဘကာကီတာကို ဖြုတ်ချခဲ့တာကို ထောက်ခံနေပါတယ်။
မာလီအပေါ် ပြင်သစ်နဲ့ ECOWAS တို့ရဲ့ စီးပွားရေးပိတ်ဆို့မှုကို ဥရောပသမဂ္ဂနဲ့ အနောက်နိုင်ငံတွေကလည်း ထောက်ခံပါတယ်။
မာလီကို ပျံသန်းနေတဲ့ လေကြောင်းတော်တော်များများ ရပ်သွားပါပြီ။ မာလီစစ်တပ်က ရုရှားထံက လက်နက်တွေ ဝယ်ယူတယ်လို့လည်း စွပ်စွဲခံနေရပါတယ်။