နွေဦးတော်လှန်ရေးအတွက် ခီမောင်နှံက မင်္ဂလာအမှတ်တရ ဆွဲကြိုးနှင့် နားကပ်ရောင်းချ

မြန်မာ့နွေဦးတော်လှန်ရေးအတွက် အမေရိကန်နိုင်ငံရောက် သရုပ်ဆောင်မင်းသား ဇဏ်ခီနဲ့ ခရစ္စတီးနားခီ ဇနီးမောင်နှံက သူတို့ရဲ့ မင်္ဂလာသက်တမ်း ၁၃ နှစ်ပြည့်အမှတ်တရ ဆွဲကြိုးနဲ့ နားကပ်ကို ရန်ပုံငွေရှာဖွေရောင်းချသွားမယ်လို့ ဆိုပါတယ်။
“ကိုဇဏ်က ခရစ္စကို မင်္ဂလာသက်တမ်း ၁၃ နှစ်မြောက်မှာ surprise လက်ဆောင်လေးအနေနဲ့ အခုပုံထဲမှာ ဝတ်ပြထားတဲ့ ဆွဲကြိုးလေးနဲ့ နားကပ်လေး ပေးခဲ့ပါတယ်။ Fundraising လုပ်ဖို့ ပစ္စည်းလေးတွေ စဉ်းစားလိုက်တဲ့အခါမှာ အဲဒီပစ္စည်းလေးနဲ့ စလုပ်ချင်တယ်လို့ ခရစ္စက ကိုဇဏ်ကို ပြောပြပြီး ခွင့်တောင်းလိုက်တော့ သူကလည်း ကြည်ကြည်ဖြူဖြူပဲ လုပ်ပါလို့ ပြောပါတယ်။”
Fundraising ကာလကိုတော့ ဇန်နဝါရီ ၁၅ ရက်ကနေ ၁၉ ရက်အထိ ၅ ရက်ကြာ ပြုလုပ်သွားမှာဖြစ်ပြီး လက်မှတ်တွေ ဝယ်ယူချင်တယ်ဆိုရင်တော့ Chat Box ကတဆင့် စုံစမ်းဝယ်ယူနိုင်မယ်လို့ ဆိုပါတယ်။
လက်မှတ်စျေးနှုန်းတွေကိုတော့ နိုင်ငံအလိုက် သတ်မှတ်ထားပြီး မြန်မာနိုင်ငံက ဝယ်ယူမယ် ဆိုရင်တော့ တစောင်ကို ကျပ် ၁ သောင်းနဲ့ ဝယ်ယူနိုင်မှာဖြစ်ကာ အမေရိကန်မှာတော့ တစောင်ကို ၆ ဒေါ်လာ၊ ထိုင်းနိုင်ငံမှာတော့ ဘတ် ၂၀၀၊ စင်ကာပူနိုင်ငံကတော့ ၁၀ ဒေါ်လာ၊ ကိုရီးယားနိုင်ငံက ဆိုရင် ဝမ် ၇,၀၀၀၊ တခြားသော နိုင်ငံတခုခုကဆိုရင် ၆ ဒေါ်လာ အသီးသီး သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။
“ချစ်ခြင်းမေတ္တာဟာ အင်အားကြီးတဲ့ခွန်အားတခု ဖြစ်စေတယ်လို့ ကိုဇဏ်နဲ့ ခရစ္စကတော့ ယုံကြည်ပါတယ်။ ဒီချစ်ခြင်းမေတ္တာတွေအပြည့်ပါတဲ့ မင်္ဂလာချစ်သက်လက်ဆောင်ကို နိုင်ငံရဲ့ လိုအပ်တဲ့နေရာတွေမှာ မျှဝေပေးချင်ပါတယ်။ ကိုဇဏ်နဲ့ ခရစ္စတို့နဲ့အတူတူ မျှဝေကြဖို့လည်း ဖိတ်ခေါ်ပါတယ်။ အားလုံး Good Luckပါ!!😘”
၂၀၂၁ ခုနှစ်၊ ဧပြီ ၁၇ ရက်က မင်္ဂလာဒုံလေဆိပ်မှာ MAI လေကြောင်း ခရီးစဉ် အမှတ် 8M-335 နဲ့ ရန်ကုန်လေဆိပ်မှ ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘူမိလေဆိပ်သို့ လိုက်ပါမယ့် မြန်မာပြည်ဖွား အမေရိကန်နိုင်ငံသား ဇဏ်ခီတို့ မိသားစုကို စစ်ကောင်စီက တားမြစ်ခဲ့ပြီး နောက်ပိုင်းမှာမှ ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။