close

လွယ်ဂျယ်ကုန်သွယ်ရေးဂိတ် ပြန်ဖွင့်၊ ပိတ်မိ နှစ်နိုင်ငံယာဥ်များကို ဦးစားပေးဆောင်ရွက်မည်

ကိုဗစ်−၁၉ ရောဂါကြောင့် လအတန်ကြာ ပိတ်ထားတဲ့ မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးဂိတ်ဖြစ်တဲ့ လွယ်ဂျယ်ဂိတ်ကို ဇန်န၀ါရီ ၁၇ ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ကုန်သွယ်ရေးလုပ်ငန်းတွေ ပြန်လည်စတင်နေပြီ ဖြစ်ပါတယ်။

ကိုဗစ်ကြောင့် ကချင်ပြည်နယ် လွယ်ဂျယ်မြို့က အဆိုပါနယ်စပ်ဂိတ်မှာ ကုန်သွယ်မှုလုပ်ငန်းတွေ ကို  ၂၀၂၁ ခုနှစ် ဇူလှိုင်လလယ်ခန့်က စတင်ရပ်နားထားခဲ့တာပါ။ အခုအခါမှာ ကိုဗစ်ကာကွယ် ထိန်းချုပ်ရေးစည်းကမ်းတွေနဲ့အညီ ကုန်သွယ်မှု ပြန်လည်စတင်နေတယ်လို့ သိရပါတယ်။

ကုန်သွယ်ရေး ဂိတ်ပြန်လည်ဖွင့်လှစ်ချိန်မှာ ကနဦးအနေနဲ့ မြန်မာနိုင်ငံဘက်က ကြံနဲ့ တစ်သျှူးငှက်ပျောတို့ကို စမ်းသပ်ကာလမှာ တင်ပို့သွားမှာဖြစ်ပြီး တရုတ်နိုင်ငံဘက်က ဓာတ်မြေသြဇာ၊ အထည်အလိပ်နဲ့ အိမ်သုံးကုန်ပစ္စည်းအမျိုးမျိုးကို တင်သွင်းသွားမယ်လို့ သိရပါတယ်။

တချိန်တည်းမှာပဲ ဂိတ်ပိတ်စဥ်က နှစ်နိုင်ငံအတွင်း ပိတ်မိနေတဲ့ယာဥ်တွေကို ဦးစားပေး ကုန်သွယ်ဆောင်ရွက်ခွင့် ပေးသွားမှာဖြစ်ပြီး နှစ်နိုင်ငံ တူညီတဲ့ယာဥ်အရေအတွက်အတိုင်း လုပ်ဆောင်ခွင့်ပေးမယ်လို့ သိရပါတယ်။

အဆိုပါဂိတ်မှာ နှစ်နိုင်ငံ သဘောတူညီချက်အရ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တဲ့အနေနဲ့ ယာဥ်မောင်းနဲ့ ယာဥ်နောက်လိုက်တွေ၊ ကုန်တင်ကုန်ချအလုပ်သမားတွေကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးသူတွေကိုသာ ဆောင်ရွက်ခွင့်ပြုထားတယ်လို့လည်း သိရပါတယ်။

 လွယ်ဂျယ်ကုန်သွယ်ရေးစခန်းကနေ တရုတ်နိုင်ငံကို လယ်ယာထွက်ကုန်တွေဖြစ်တဲ့ ဆန်၊ ဆန်ကွဲ၊ ပြောင်း၊ တစ်ရှူး၊ ငှက်ပျော၊ ကြံ၊ ရော်ဘာ၊ မြေဆီတွေ၊ ဘိလပ်မြေ၊ ချည်ထည်၊ လယ်ယာသုံးပစ္စည်းနဲ့ အိမ်သုံးကုန်ပစ္စည်းတွေကို အများဆုံး  ပြန်လည်တင်သွင်းပါတယ်။ 

လတ်တလောမှာတော့ အဆိုပါနယ်စပ်ဂိတ်မှာ ကုန်သွယ်မှုပမာဏ ယခင်နှစ်ကာလတူ ကုန်သွယ်မှုထက် အမေရိကန်ဒေါ်လာ ၇၆ သန်းကျော် လျော့ကျနေပါတယ်။

ကိုဗစ်ကြောင့် တရုတ်-မြန်မာ နယ်စပ်ဂိတ်တွေ အချိန်အတန်ကြာ ပိတ်ထားခဲ့ရသလို၊ ပြန်လည်ဖွင့်လှစ်ချိန်မှာလည်း ကုန်သွယ်ရေး ကန့်သတ်ချက်တွေကြောင့်  နှစ်နိုင်ငံ နယ်စပ်ဂိတ်အားလုံးမှာ ကုန်သွယ်မှုပမာဏ လျော့နည်းနေတာပါ။

အခုနှစ်၀တ် ဘတ်ဂျက် အောက်တိုဘာ ၁ ရက်နေ့ကနေ ဇန်န၀ါရီ ၇ ရက်နေ့အထိ ၃ လကျော်ကာလအတွင်းမှာ တရုတ်−မြန်မာနှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၃၅၄ သန်းသာရှိပြီး၊ အရင် ကာလတူ ကုန်သွယ်မှုအောက် ၁ ဒသမ ၄၈၅ ဘီလီယံ လျော့နည်းနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up