close

ပူတာအိုရေခဲတောင်တက်ခရီးသည် နည်းပါးသဖြင့် ခရီးသွားလုပ်ငန်းလုပ်သူများ အခက်တွေ့

မြန်မာနိုင်ငံ မြောက်ဘက်ပိုင်း ကချင်ပြည်နယ် ပူတာအို ရေခဲတောင်ခရီးသွားလုပ်ငန်းဟာ စစ်ကောင်စီ အာဏာသိမ်း‌ပြီးနောက် ၂၀၂၁-၂၂ ခုနှစ်အတွင်း ရေခဲတောင်တက်သူ နည်းပါးတာကြောင့် ခရီးသွားလုပ်ငန်း အဆင်မပြေကြဘူးလို့ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူ တစ်ဦးက ပြောပါတယ်။

“နိုင်ငံရေးမကောင်းတော့ ခရီးသွားလုပ်ငန်းလုပ်ရတာ အဆင်မပြေဘူး။ ခရီးသည်ခေါ်တဲ့ ကြော်ငြာလေးတွေ လိုင်းပေါ်တင်ဖို့လည်း အားနာရပြန်တယ်။ ပြီးတော့ စစ်ကောင်စီတွေ ထိုင်တဲ့ စစ်ဆေးရေးဂိတ်တွေမှာ ဆိုရင်လည်း ထောက်ခံစာလုပ်ရတာ အခက်ဆုံး ဖြစ်နေတယ်။”

ပူတာအိုမြို့ခံတွေထဲက ခရီးသွားလုပ်ငန်းကို အခြေခံပြီး မိသားစုစား၀တ်နေရေး လုပ်ကိုင်သူတချို့ဟာ ကိုဗစ်-၁၉ ကာလနဲ့ စစ်ကောင်စီ အာဏာသိမ်းခဲ့ပြီး နိုင်ငံရေးအခြေအနေတွေကြောင့် မိသားစုစား၀တ်နေရေး အခက်ကြုံရတယ်လို့ ခရီးသွား၀န်ဆောင်မှုပေးသူ တစ်ဦးကလည်း ပြောပါတယ်။

“ကိုဗစ်-၁၉ ဖြစ်တဲ့နှစ်လည်း ခရီးသည်တွေ မလာဘူး၊ ခု စစ်ကောင်စီ အာဏာသိမ်းတော့ နိုင်ငံရေးအခြေအနေကြောင့် ခရီးသည်က မလာပြန်ဘူး‌။ မိတ်ဖြစ်ဆွေဖြစ်နဲ့ လာတဲ့သူတွေလည်း ပျော်ချင်လို့ လာတာမဟုတ်ဘဲ စိတ်မွန်းကျပ်လို့ လာတာဖြစ်တယ်လို့ပဲ ပြောကြနေတယ်။ ခရီးသွားလုပ်ငန်းက နိုင်ငံရေးကောင်းမှ အဆင်ပြေတာမို့ မြန်မာပြည် အမြန်ဆုံး ငြိမ်းချမ်းလာဖို့ မျော်လင့်တယ်။”

ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်ထဲက ရေခဲတောင်ရွာလို့ တင်စားခံရတဲ့ ရှိန်းခေါင်ရွာခံတွေလည်း စား၀တ်နေရေး အခက်အခဲနဲ့ ရင်ဆိုင်နေရကာ ပူတာအိုမှုလူမှုကူညီရေးအသင်းတွေ သွားရောက်အကူညီပေးချင်ပေမဲ့ လမ်းခရီးအခက်ခဲကြောင့် မကူညီနိုင်ဘူးလို့ ပူတာအို လူမှုကူညီရေးအဖွဲ့၀င်တစ်ဦးကလည်း ပြောပါတယ်။

“ဝေးလံခေါင်ဖျားတဲ့ ရွာစွန်ပိုင်းကို သွားရောက်ပြီး အကူအညီတွေပေးချင်ပါတယ်။ ‌ဒါပေမဲ့ ခေါင်လန်ဖူးဒေသဘက်ဆိုရင် ‌စား၀တ်နေရေး အရမ်းခက်ခဲတာသိပေမဲ့ ကျနော်တို့ လူမှုကူညီရေး ၀န်ထမ်းတွေရဲ့ လုံခြုံရေး၊ အထူးသဖြင့်က လမ်းခရီးကြမ်းတမ်းနေသလို ရာသီဥတု ဆိုးရွားနေတော့ လောလောဆယ် ဘယ်လိုမှအကူညီမပေးနိုင်သေးဘူး။”

ပူတာအိုဒေသဟာ ငြိမ်းချမ်းတဲ့ အဖြူရောင်နယ်မြေတစ်ခုဖြစ်ပေမဲ့ စစ်ကောင်စီက အာဏာမသိမ်းခင်ကတည်းက ဒေသလုံခြုံရေးကို အကြောင်းပြကာ ပူတာအိုခရီးသွားလုပ်ငန်းကို ပိတ်ပင်ခဲ့တာ ဖြစ်ပါတယ်။ 

ပူတာအိုဒေသခံ ပြည်သူတချို့ဟာ ခရီးသွားလုပ်ငန်းကို အခြေခံပြီး စား၀တ်နေရေးကို ဖြေရှင်းနေတာလို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up