close

တမူး လွှတ်တော်ကိုယ်စားလှယ်များ၊ ဆန္ဒပြခေါင်းဆောင်နှင့် PDF အဖွဲ့ဝင် အိမ် ၈ လုံး ချိပ်ပိတ်ခံရ

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့မှာ လွှတ်တော်ကိုယ်စားလှယ် ၄ ဦး၊ ဆန္ဒပြ ခေါင်းဆောင် ၂ ဦး၊ ပရဟိတခေါင်းဆောင်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ရဲ့ နေအိမ် ၈ လုံးကို  စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့က ဇန်နဝါရီ ၁၉ ရက်နေ့မှာ လာရောက်ချိပ်ပိတ်ခဲ့တယ်လို့ တမူးမြို့ဒေသခံတွေဆီက သိရပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိင်နိုင်ဝင်း၊ တိုင်းဒေသကြီး(၁) လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်နိုင်ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထန်ဆေး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမောင်မောင်လတ်၊ ဆန္ဒပြခေါင်းဆောင် ကိုယဉ်ကိုဦး၊ ဆန္ဒပြခေါင်းဆောင်ကို ကဘော်ဆုသန်း၊ ပရဟိတခေါင်းဆောင် ကိုမင်းဗိုလ် နေအိမ်နဲ့ PDF တပ်က ကိုအောင်ဖြိုးကြွယ်တို့ရဲ့နေအိမ်တွေကို ချိပ်ပိတ်ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ဟုတ်တယ် ချိပ်လာပိတ်တာ လွှတ်တော်ကိုယ်စားလှယ်တွေ အကုန်လုံးပဲ၊ NLDတွေကချည်းပဲ။ ဆန္ဒပြ သပိတ်ခေါင်းဆောင်တွေရဲ့ အိမ်တွေရော အကုန်ပိတ်သွားတာ၊ ကိုယ်စားလှယ်ပြန်အရွေးမခံတဲ့ သူတွေလည်းပါတယ်။ ကျနော်သိသလောက်တော့ သူတို့အကုန်လုံးက ရှောင်တိမ်းနေကြတဲ့သူတွေချည်းပဲ၊ တနေကုန် တမြို့လုံးပတ်ပြီး ချိပ်လိုက်ပိတ်နေတာ။”

ချိပ်ပိတ်ထားတဲ့ အိမ်တွေရဲ့ရှေ့မှာ ဗီနိုင်းအနီရောင်နဲ့ “ဤ အဆောက်အဦနှင့် မြေနေရာသည် အကြမ်းဖက် အဖွဲ့အစည်းများနှင့်ဆက်စပ်နေသဖြင့် နိုင်ငံတော် ပိုင်သိမ်းမည်ဖြစ်သောကြောင့် မကျူးကျော်ရ/ ရောင်းချခြင်း/ ရောင်းဝယ်ခြင်းမပြုလုပ်ရလို့” ရေးသားတဲ့စာကို ကပ်ထားခဲ့တာဖြစ်ပါတယ်။

ဇန်နဝါရီ ၁၇ ရက်နေ့ကလည်း  ကလေးမြို့က တမူးမြို့ကို ထွက်ခွာလာတဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပါတဲ့ ကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး အရာရှိ နှစ်ဦးအပါအဝင် ရဲ ၅ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up