close

ဘားအံတွင် လူငယ် ၅ ဦးဖမ်းဆီးခံရ၊ ၂ ဦးကို စစ်ကောင်စီတပ်က ပစ်ခတ်ဖမ်းဆီး

ကရင်ပြည်နယ်၊ ဘားအံမြို့ အမှတ် ၆ ရပ်ကွက်မှာ ဇန်နဝါရီ ၁၉  ရက် ညနေ ၄ နာရီလောက်က စစ်ကောင်စီတပ်တွေက နေအိမ်မှာနေထိုင်နေတဲ့ အပြစ်မဲ့ လူငယ် ၅ ဦးကို ဝင်ရောက်ဖမ်းဆီးပြီး ရိုက်နှက်တဲ့အတွက်  လူငယ်တစ်ဦး ဆေးရုံတင်ထားရတယ်လို့ သိရပါတယ်။

အမှတ် ၆ ရပ်ကွက်အတွင်းက လူငယ်  ၅ ဦးနေထိုင်ရာ နေအိမ်ကို ဒလန်သတင်းပေးမှုကြောင့် ပြည်တော်အေးလမ်းနဲ့ မြနန္ဒာလမ်းနှစ်ဖက်ကို ပိတ်ဆို့ကာ စစ်ကောင်စီရဲ့တပ်နဲ့ ရဲတွေက အင်းအားသုံး ဖမ်းဆီးခဲ့ရာမှာ  လူငယ် ၂ ဦး ကြောက်လန့်ထွက်ပြေးခဲ့တဲ့အတွက် သေနတ် ၇ ချက်ပစ်ခတ်ပြီး ဖမ်းဆီးခဲ့တာပါ။

အဆိုပါ ထွက်ပြေးခဲ့တဲ့ လူငယ် ၂ ဦးကို စစ်ကောင်စီတပ်နဲ့ ရဲတွေက ဝိုင်းဝန်းထိုးကြိတ်ပြီး ခြေထောက်တွေနဲ့ကန်ခဲ့ရာ လူငယ်တစ်ဦး သတိလစ်မေ့မြောခဲ့တဲ့အတွက် ဆေးရုံပို့ဆောင်ခဲ့ရတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ဆိုပါတယ်။

မျက်မြင်တွေ့ရှိခဲ့တဲ့ အမှတ် ၆ ရပ်ကွက်သားတဦးက ”ဒလန်သတင်းပေးလို့ စကစတွေက အင်အားသုံးပြီး ဝင်ဖမ်းတာ။ ကလေး ၂ ယောက်က ကြောက်ပြီးထွက်ပြေးတော့ သေနတ်နဲ့ ပစ်ဖမ်းတာ။ ရပ်ကွက်ထဲမှာ ကံကောင်းလို့ ဘယ်သူမှ မထိတာ။ အဖမ်းခံရတော့ ဝိုင်းပြီး ထိုးကြိတ် ကန်တာမှ မြင်မကောင်းဘူး။ ကလေးတစ်ယောက်က မေ့တောင် သွားတယ်။ ရပ်ကွက်ထဲမှာက သတင်းပေးဒလန်တွေ များတယ်။ အခုက လူငယ်တွေမစုနဲ့ စုတာနဲ့ ဖမ်းနေတော့တာပဲ” လို့ ပြောပါတယ်။

အဆိုပါ ရပ်ကွက်နဲ့ အနီးတဝိုက်မှာ စစ်ကောင်စီရဲ့တပ်ရင်းတပ်ဖွဲ့နဲ့ စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်တွေက အခြေစိုက်တည်ရှိသလို ရပ်ကွက်အတွင်း စစ်တပ်မိသားစုဝင်တွေအပြင် ဌာနဆိုင်ရာဝန်ထမ်းမိသားစုတွေ အများဆုံးနေထိုင်တဲ့အတွက် ဒလန်းသတင်းပေးတွေ အများဆုံးရှိ တဲ့ ရပ်ကွက်လို့ ဒေသခံတွေက ပြောပါတယ်။ 

ဘားအံမြို့မှာ ဖုန်းပေါက်ကွဲမှုတွေ မကြာခဏဖြစ်ပွားတဲ့အတွက် လုံခြုံရေးအကြောင်းပြချက်နဲ့ မြို့ဝင်မြို့ထွက်တွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးတာတွေအပြင် လူစည်ကားရာနေရာတွေမှာ လမ်းသွားလမ်းလာတွေ၊ မော်တော်ဆိုင်ကယ်နဲ့ မော်တော်ယာဉ်တွေကို တားဆီးစစ်ဆေးနေတာပါ။

စစ်ဆေးရာမှာ လူငယ်တွေကို ပစ်မှတ်ထားပြီး စစ်ဆေးတာ၊ မသင်္ကာမှုဆိုပြီး လူကိုဖမ်းဆီးတာအပြင် ပါလာတဲ့ ပစ္စည်းတွေနဲ့ ငွေကြေးတွေကိုပါ သိမ်းယူတာတွေ ပြုလုပ်နေတဲ့အတွက် အရပ်သားပြည်သူတွေအနေနဲ့ သွားလာရာမှာ စိုးရိမ်ထိတ်လန့်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up