close

တီးတိန်မြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၅ ဦးသေ

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်မှာ ဇန်နဝါရီ ၂၁ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးညီနောင်မဟာမိတ်တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား ၁၅ ယောက်သေဆုံးခဲ့တယ်လို့ CDM-Syin တပ်ဖွဲ့ကနေ သိရပါတယ်။

တီးတိန်မြို့နယ် ဟိန်းဇံရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဒီကနေ့ မနက် ၂ နာရီလောက်က ပြည်သူ့ကာကွယ်ရေး ညီနောင်မဟာမိတ် ၉ ဖွဲ့ ပူးပေါင်းပြီးတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၅ ယောက်သေဆုံးပြီး အများ အပြားဒဏ်ရာရရှိသွားတယ်လို့ CDM-Syin တပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

စစ်ကောင်စီတပ်တွေက ကလေးမြို့ကနေ ချင်းပြည်နယ်ကို ဆက်သွယ်ထားတဲ့ လမ်းအတိုင်း တက်လာကြပြီး ဟိန်းဇံရွာမှာ ညအိပ်တပ်စွဲချိန် ဒေသခံပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ CDM-Syin၊PDF Zoland၊CNA၊Kalay PDF3၊Kalay PDF8၊Kalay PDF9၊PDA၊Zongan Army နဲ့CDF-KKG2 တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲအတွင်းမှာ ဒေသခံပြည်သူ့ကာကွယ်ရေး ညီနောင်မဟာမိတ်တပ်ဖွဲ့ဘက်က ရဲဘော် ၂ ယောက် သေနတ်ကျည်ဆံထိမှန် ဒဏ်ရာရရှိခဲ့ပြီး  မစိုးရိမ်ရဘူးလို့ ပြောပါတယ်။

တီးတိန်မြို့နယ်မှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကလည်း စစ်ကောင်စီယာဥ်တန်း ကား ၅ စီးကို ဒေသခံပူးပေါင်းကာကွယ်ရေးတပ်တွေက တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၁၀ ယောက်သေဆုံးပြီး အများအပြားဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

အဆိုပါတိုက်ပွဲမှာ ထိခိုက်သေဆုံးတဲ့အခြေနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up