close

ရွှေဘိုမြို့နယ် ရွာစိုးရွာတွင် တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်မီးရှို့သဖြင့် အိမ်ခြေ ၁၅၀ ခန့် မီးလောင်

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ်၊ ရွာစိုးရွာအနီး ဇန်နဝါရီ ၂၄ ရက်နေ့က တိုက်ပွဲဖြစ်ပွားရာမှာ စစ်ကောင်စီတပ်သား ၁၅ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၂၄ ရက်နေ့ မနက် ၈ နာရီခွဲအချိန်လောက်က စစ်ကောင်စီတပ်ဟာ လက်နက်ကြီးအပြည့်အစုံနဲ့ ရွာစိုးရွာကို စစ်အင်အား ၂၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ SNAKE EYES-PDF နဲ့ C&T(SHWEBO) ပ.က.ဖ အဖွဲ့တို့ပူးပေါင်းမှာ ဇီးဖြူကုန်းရွာနဲ့ ရွာစိုးရွာကြားမှာ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

တိုက်ပွဲဟာ တစ်နာရီလောက်ကြာခဲ့ပြီး စစ်ကောင်စီတပ်က ၆၀ မမ၊ ၄၀မမတို့နဲ့ အချက် ၃၀ ထက်မနည်းပစ်ခတ်ခဲ့ကြောင်း၊ အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်က  ၁၅ ဦးထက်မနည်းသေဆုံးခဲ့ပြီး  အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ SNAKE EYES ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ရွာစိုးရွာအနီးက ပြည်သူ့ကာကွယ်ရေးတပ် အထိုင်စခန်းကိုလည်း စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်မီးရှို့ဖျက်ဆီးခဲ့ပေမယ့် ပြည်သူ့ကာကွယ်ရေးတပ်သားတွေ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက် စစ်ကောင်စီတပ်က ရွာစိုးရွာ ဒေသခံ ပြည်သူ ၂ ဦးကို သတ်ဖြတ်ပြီး ရွာကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

“ရွာစိုးရွာ တစ်ဝက်လောက်မီးလောင်သွားတယ်ဗျ။ အိမ်ခြေက ၃၀၀ လောက်ရှိတာ လောလောဆယ် ဒေသခံတွေအတွက် အစားအသောက်နဲ့ နေစရာအဓိကလိုအပ်နေပါတယ်” လို့ SNAKE EYES ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။

အိမ်ခြေ ၁၅၀ လောက်မီးလောင်ကျွမ်းသွားတဲ့ ကျေးရွာနေပြည်သူတွေအတွက် လှူဒါန်းလိုသူတွေအနေနဲ့ မြေပြင်တိုက်ရိုက်လှူဒါန်းနိုင်မှသာ အဆင်ပြေနိုင်မယ်လို့ ဆိုပါတယ်။

လတ်တလောအနေနဲ့  ရွာစိုးရွာက ပြည်သူတွေဟာ ကျေးရွာကနေထွက်ပြေးပြီး  ဘုန်းကြီးကျောင်း နဲ့ ဆွေမျိုးအိမ်တွေအိမ်မှာ သွားရောက်ခိုလှုံနေကြရတယ်လို့ သိရပါတယ်။

ရွာစိုးရွာခံတစ်ဦးက “တစ်ရွာလုံး ထွက်ပြေးရတာပါ။ တချို့က ဆွေမျိုးတွေရှိတဲ့ နေရာတွေဆီသွားလို့ ရပေမယ့် တစ်ချို့ကတော့ဘုန်းကြီးကျောင်းတွေမှာနေနေကြပါတယ်” လို့ ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up