close

ထိုင်းနယ်စပ် ယာယီစစ်ရှောင်စခန်းမှ စစ်ဘေးရှောင်များ နောက်ဆုံးအသုတ်အဖြစ် နေရပ်ပြန်

မြန်မာ-ထိုင်းနယ်စပ် တာခ်ခရိုင်၊ မဲဆောက်မြို့နယ်၊ မဟာဝမ်းတိုက်နယ်၊ မဲ့ကော့ကင်းရွာအနီး ယာယီခိုလှုံနေတဲ့  စစ်ရှောင်ဒုက္ခသည်တွေ  ဇန်နဝါရီ ၂၇ ရက် ဒီနေ့ ညနေ ၄ နာရီ ကျော်မှာ နောက်ဆုံးအသုတ်အဖြစ် မြန်မာနိုင်ငံဘက်ကို ပြန်သွားကြပြီဖြစ်ပါတယ်။

ထိုင်းအစိုးရက စောင့်ရှောက်ပေးထားတဲ့  နွားတင်းကုပ်စစ်ရှောင်စခန်းမှာ  ၁ လကျော် နေထိုင်ခဲ့တဲ့ ယာယီစစ်ရှောင်သူတွေဟာ မြန်မာပြည်နယ်စပ်မှာ တိုက်ပွဲမရှိတော့လို့  မိမိဆန္ဒအရ  နေရပ်ပြန်ကြတာဖြစ်ပြီး စစ်ရှောင်အယောက် ၃၀၀၀ ထဲမှ နောက်ဆုံးအသုတ်ဖြစ်တဲ့  အယောက် ၁၀၀ နေရပ် ပြန်ကြတာဖြစ်ပါတယ်။ 

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်မှာ စစ်ရေးတင်းမှာမှု ရှိနေပေမဲ့ တိုက်ပွဲဖြစ်သံတွေတော့ မကြားရဘူးလို့ ဒေသခံတွေကဆိုပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ဘေးရှောင်တွေပြန်သွားကြတဲ့ ဖလူးကြီး၊ ဖလူးလေးရွာတို့မှာတော့ စစ်ကောင်စီတပ်တွေက လူတွေကို နေအိမ်အပြင်ထွက်ခွင့်မပြုတဲ့အတွက် စားရေးသောက်ရေးနဲ့ လုံခြုံမှု အခက်အခဲရှိနေတယ်လို့ ကျေးရွာ အုပ်ချုပ်ရေးဆိုင်ရာတာဝန်ရှိသူတယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလကလယ်လောက်က လေးကေ့ကော်ဒေသကို စစ်ကောင်စီတပ်တွေ ကျူးကျော်ဝင်ရောက်ရာက  KNU၊ PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေအကြား ဒေသတွင်းမှာတိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့တဲ့အတွက် ဒေသခံပြည်သူသောင်းနဲ့ချီ စစ်ဘေးရှာင်ခဲ့ ကြရတာပါ။

မြဝတီမြို့နယ်အတွင်း ကျေးရွာ  ၉ ရွာလောက်က  စစ်ဘေးရှောင် အယောက် ၁၅၀၀၀ ထဲက အယောက် ၉၀၀၀  နေရပ်ပြန်သွားကြတာဖြစ်ပါတယ်။

ကျန်စစ်ရှောင်တွေကတော့ ဖုတ်ဖရမြို့နယ်၊ ကျောက်ခဲ့ရွာနဲ့ သေ့ဘောဘိုးရွာ သောင်ရင်းမြစ်ကမ်းစပ်နဲ့  မြဝတီမြို့တောင်ဘက် တော၊တောင်ထဲမှာ စစ်ပြေးရှောင်နေကြဆဲ ဖြစ်ပါတယ်။

ကျန်ဒေသဖြစ်တဲ့ ကရင်ပြည်နယ်ဒေသအသီးသီးမှာလည်း စစ်ကောင်စီရဲ့ ထိုးစစ်ကြောင့် စစ်ရှောင်သူပိုများလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up