close

ရုရှား၏ လုံခြုံရေးဆိုင်ရာတောင်းဆိုချက် အမေရိကန် အကြောင်းပြန်

ရုရှားရဲ့ လုံခြုံရေးဆိုင်ရာ တောင်းဆိုချက်တွေနဲ့ ပတ်သက်တဲ့ တုံ့ပြန်ချက်ကို အမေရိကန်က ဇန်နဝါရီ ၂၆ ရက်မှာ စာနဲ့ အကြောင်းပြန်ကြားလိုက်တယ်လိ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်ထော်နီဘလင်ကန်က ပြောလိုက်ပါတယ်။

ယူကရိန်းနယ်စပ်နားက ကုန်းမြေနဲ့ ပင်လယ်ပြင်မှာပါ စစ်ရေးလေ့ကျင့်နေတဲ့ ရုရှားကြောင့် သံတမန် ဆက်ဆံရေး ထိလွယ်ရှလွယ် ဖြစ်နေချိန်မှာ အခုလို စာပို့လိုက်တာပါ။

ရုရှားဆိုင်ရာ အမေရိကန်သံအမတ်ကြီးက ရုရှားအစိုးရကို လူကိုယ်တိုင် လက်ဆင့်ကမ်းပေးခဲ့တဲ့ စာရွက်စာတမ်းတွေထဲမှာ ရုရှားရဲ့ စိုးရိမ်ချက်တွေကို ဖြေရှင်းပေးထားတယ်လို့ ဘလင်ကန်က ပြောပါတယ်။

အရှေ့ဥရောပကနေ နေတိုးတပ်တွေနဲ့ လက်နက်တွေ ပြန်ဆုတ်ခွာဖို့နဲ့ ယူကရိန်းကို နေတိုးအဖွဲ့ဝင် မဖြစ်အောင်တားဖို့ ရုရှားရဲ့ တောင်းဆိုချက်တွေနဲ့ ပတ်သက်ပြီး ဒီအချက်တွေ အားလုံးမှာ နေတိုးဘက်က စတာမဟုတ်ကြောင်း အမေရိကန် အစိုးရက ရှင်းအောင် ပြောခဲ့ပါတယ်။

ဒါ့အပြင် လက်နက်ထိန်းချုပ်ရေးနဲ့ ယုံကြည်မှု တည်ဆောက်ရေး လုပ်ဆောင်ချက်တွေလို တခြား ကိစ္စရပ်တွေအတွက် ဆွေးနွေးဖို့ အသင့်ပဲလို့လည်း အမေရိကန် အစိုးရက ရုရှားကို ပြောခဲ့ပါတယ်။

အမေရိကန်နဲ့ ဆက်ဆွေးနွေးဖို့ အခန်းကဏ္ဍရှိခဲ့ပေမယ့် ရုရှားရဲ့ အဓိကကျတဲ့ လုံခြုံရေး တောင်းဆိုချက်ကို အမေရိကန်က ထည့်သွင်းစဉ်းစားမပေးခဲ့ဘူးဆိုတာ ရှင်းနေပုံရတယ်လို့ ရုရှသမ္မတရုံးက ဇန်နဝါရီ ၂၇ ရက်မှာ ပြောလိုက်ပါတယ်။

ဥရောပမှာ စစ်အေးခေတ်နောက်ပိုင်း လုံခြုံရေးအစီအမံတွေအတွက် ပြန်လည်ရေးဆွဲဖို့ ရုရှားရဲ့ အဆိုပြုချက်တွေကို အမေရိကန်အစိုးရက ဇန်နဝါရီ ၂၆ ရက်နေ့က တရားဝင် အကြောင်းပြန်ခဲ့ပါတယ်။

အဲဒီနောက် ရုရှားအစိုးရဟာ ကောက်ချက်ချဖို့ အလောတကြီးလုပ်မှာမဟုတ်ဘူးလို့ သမ္မတရုံး ပြောခွင့်ရ ဒမစ်ထရီပဲ့စ်ကို့ဗ်က ပြောပါတယ်။

အမေရိကန်ရဲ့ တုံ့ပြန်ချက်ကို သုံးသပ်ဖို့ ရုရှားအစိုးရက အချိန်ယူမယ်လို့လည်း  ပဲ့စ်ကို့ဗ်က ပြောပါတယ်။ ဆွေးနွေးပွဲတွေ ရှေ့ဆက်ဖို့ဟာ အမေရိကန်နဲ့ ရုရှားအစိုးရ နှစ်ရပ်စလုံးအတွက် အကျိုးစီးပွား ဖြစ်ပေမဲ့ ရုရှားရဲ့ အဓိက တောင်းဆိုချက်တွေနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ နေတိုးက လက်မခံနိုင်စရာအဖြစ် မှတ်ချက်ပြုတဲ့ လုပ်ရပ်ဟာ အကောင်းမြင်ဖို့ အခန်းကဏ္ဍ များများ မကျန်ဘူးလို့ သူက ဆက်ပြောပါတယ်။

ဒါပေမဲ့ ကျနော်တို့ဟာ ချင့်ချိန်တွက်ဆတဲ့ နေရာမှာ အလောသုံးဆယ် လုပ်မှာ မဟုတ်ဘူးလို့လည်း ပဲ့စ်ကို့ဗ်က ပြောပါတယ်။  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up