close

ခင်ဦးမြို့နယ်၊ ယောက်သွားအိုင်ရွာကို စစ်တပ်က ဝင်ရောက်ပစ်ခတ်၊ ရွာသားအချို့ကို ဖမ်းဆီး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ယောက်သွားအိုင်ရွာကို စစ်ကောင်စီတပ်က  ဇန်နဝါရီ ၂၉ ရက် မနက် ၆ နာရီလောက်က  ဝင်ရောက် သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် အနည်းဆုံး ရွာသား ၂ ယောက် ဒဏ်ရာရပြီး ရွာသားတချို့ကို ဖမ်းဆီးခံရပါတယ်။

စစ်တပ်ကပစ်ခတ်တာကြောင့် ကျေးရွာသားနှစ်ယောက် ကျည်ဆန်ထိမှန်ခဲ့ပြီး အသက်အန္တရာယ်ကို စိုးရိမ်ရတယ်လို့  ဒေသခံတွေထံက သိရပါတယ်။

ယောက်သွားအိုင်ရွာသားတစ်ယောက်က “မနက်ခင်းအစောကြီး ကျနော်တို့ ကျေးရွာကို ဝင်လာတာဗျ။ ဘာကြောင့်ဝင်လာတယ်တော့မသိဘူးဗျ။ ဝင်လာလာခြင်းတော့ သေနတ်တွေနဲ့ ပစ်တာကတော့ ပေါက်ပေါက်ဖောက်တဲ့အတိုင်းဘဲ။ ပစ်တာကတော့ လက်နက်အကြီးရော၊ အသေးရောပဲ။ အသံတွေကတော စုံနေအောင်ကြားရတယ်ဗျ။ ဘာတွေမှန်တယ်၊ဘာတွေ ပျက်စီးမယ်ဆိုတာတော့မသိရသေးဘူး။ ကိုယ်နဲ့အတူပြေးရင်း လွှားရင်းနဲ့ ရွာသားနှစ်ယောက် ကျည်ထိမှန်ပြီး လဲနေခဲ့တာတော့ ရှိတယ်။ အဲနှစ်ယောက်လည်း သတ်မပစ်ပါစေနဲ့ ဆုတောင်းနေရတယ်။ အခုအထိမနက်ခင်းစာကို မစားရသေးဘူး” လို့ ပြောပါတယ်။

ယောက်သွားအိုင်ကျေးရွာကို ဝင်ရောက်ခဲ့တဲ့ စစ်ကောင်စီတပ်ဟာ လက်ရှိအချိန်အထိ ပြန်ထွက်မသွားသေးဘဲ  ရွာဦးဘုန်းတော်ကြီးကျောင်းမှာ တပ်ဆွဲထားပါတယ်။

ကျေးရွာသားတချို့ကို ဖမ်းဆီးထားပြီး  ရွာထဲမှာရှိတဲ့ လူနေအိမ်နှစ်လုံးကိုလည်း မီးရှို့သွားတယ်လို့   ဒေသခံတွေကပြောဆိုပေမဲ့ အဆိုပါနေအိမ်ကို မီးရှို့တာနဲ့ပက်သတ်လို့ DVB အနေနဲ့ သီးခြားအတည်ပြုချက်ရယူနိုင်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။

စစ်ကောင်စီတပ်တွေဟာ စစ်ကိုင်းတိုင်းက နယ်မြေတွေကို ထိမ်းချုပ်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားတဲ့အနေနဲ့ ကျေးရွာတွေကိုဝင်ရောက် မီးရှို့တာ၊ မသင်္ကာတဲ့ ရွာသားတွေကို ဖမ်းဆီး နှိပ်စက် ပစ်ခတ် သတ်ဖြတ်တာတွေကြောင့် ရွာသားတွေ ထောင်နဲ့ချီ နေ့စဉ် ထွက်ပြေးတိမ်းရှောင် နေကြရသလို ရရာလက်နက်နဲ့ တော်လှန်ဖို့ ကြိုးစားတာတွေလည်း တိုးပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up