ရွှေဘိုမြို့၌ ဇန်နဝါရီလအတွင်း ဖြစ်ခဲ့သည့်တိုက်ပွဲများတွင် စစ်ကောင်စီတပ်သား ၄၃ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ဇန်နဝါရီလအတွင်း စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားရာမှာ စစ်ကောင်စီတပ်သား ၄၃ ယောက်သေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ Snake Eyes ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။
ဇန်နဝါရီလအတွင်းမှာ စစ်ကောင်စီတပ်ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ SNAKE EYES-PDF (SHWEBO) နဲ့ C&T(SHWEBO)၊ ပ.က.ဖ အဖွဲ့အစည်းတို့က ထိတွေ့တိုက်ပွဲ ၂ ကြိမ်နဲ့ မိုင်း ၂ ကြိမ်ဆွဲတိုက်ခိုက်ခဲ့တာလို့ Snake Eyes ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကသတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ဇန်နဝါရီ ၁၉ ရက်နေ့မှာ စစ်ကောင်စီတပ်သား ၁၀ ယောက်၊ ၂၀ ရက်နေ့မှာ ၁၅ ယောက်၊ ၂၄ ရက်နေ့တိုက်ပွဲမှာ ၁၅ ယောက်၊ ၂၈ ရက်နေ့တိုက်ပွဲမှာ ၃ ယောက် ဇန်နဝါရီလအတွင်း စုစုပေါင်း စစ်ကောင်စီတပ်သား ၄၃ ယောက်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဇန်နဝါရီ၂၈ရက်နေ့တိုက်ပွဲမှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဘက်က ရဲဘော် ၁ ဦး မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ တိုက်ပွဲတွေဖြစ်ပွားပြီးနောက် ကျေးရွာတွေအတွင်းမှာ ပုန်းအောင်းနေတဲ့ ရွာသားတွေကို ဖမ်းဆီးသတ်ဖြတ်ခဲ့တာကြောင့် ရွှေဘိုမြို့နယ် ရွာစိုးရွာက ပြည်သူ ၂ ဦးနဲ့ ပေါက်ချိုင်ရွာက ပြည်သူ ၂ ဦး စုစုပေါင်း ပြည်သူ ၄ ဦးကို သေဆုံးခဲ့ပါတယ်။
ကျေးရွာနေပြည်သူတွေကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်တာ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်နေတာကြောင့် ရွှေဘိုမြို့နယ်အတွင်းက ကျေးရွာ ၂၀ လောက်က ပြည်သူတွေ ဘေးလွတ်ရာ ရှောင်တိမ်းနေကြရတယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၂၄ ရက်နေ့က ရွှေဘိုမြို့နယ်၊ ရွာစိုးရွာအနီး တိုက်ပွဲဖြစ်ပွားပြီးနောက် ရွာကိုမီးရှို့ဖျက်ဆီးခဲ့တာကြောင့် အိမ်ခြေ ၃၀၀ လောက် နေထိုင်ကြတဲ့ ပြည်သူတွေ ကျေးရွာကနေ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရွှေဘိုမြို့မှာ ဇန်နဝါရီလအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ ထိခိုက်သေဆုံးမှုအခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။