close

ဘားအံမြို့တွင် အသံတိတ်သပိတ်ကို ဟန့်တားရန် စစ်ကောင်စီက နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားနေ

ကရင်ပြည်နယ်၊ ဘားအံမြို့မှာ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ပြုလုပ်မယ့် "ပြည်တော်ဝင်ဖို့ရုန်းကြစို့" ခေါင်းစဉ်နဲ့ပြုလုပ်မယ့် အသံတိတ်သပိတ် အာဏာဖီဆန်ရေး လှုပ်ရှားမှုကို ဟန့်တားဖို့ စစ်ကောင်စီက နည်းလမ်းပေါင်းစုံသုံးပြီး ကြိုးစားနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

စစ်အာဏာသိမ်းတဲ့ ၁ နှစ်ပြည့်အနေနဲ့ အသံတိတ်သပိတ်နေ့မှာ စစ်ကောင်စီက တပ်ထောက်ခံပွဲပြုလုပ်မှာ ဖြစ်တဲ့အတွက် ကျေးရွာ ၁ ရွာကို လူ ၂၀ ယောက် တောင်းခံထားသလို ကန်သာယာကန်အတွင်းက ရေကပြင်ဖွင့်ပွဲနဲ့ ဇွဲကပင်ခန်းမမှာ စစ်အာဏာသိမ်း ၁ နှစ်ပြည့်အခမ်းအနား ပြုလုပ်သွားဖို့ စီစဉ်နေပါတယ်။

ဘားအံမြို့ခံတဦးက “စကစက အဲဒီနေ့မှာ ဈေးဆိုင်တွေနဲ့ ပြည်သူတွေကို လမ်းပေါ်မထွက် ထွက်အောင် နည်းလမ်းပေါင်းစုံနဲ့ ဖိအားပေးနေတယ်။ အဓိကကတော့ သူတို့ဘယ်လို ဖိအားပေးပေး ပြည်သူတွေသိထားဖို့က မတရားတာကို မတရားဘူးဆိုတာသိထားဖို့နဲ့ အကြောက်တရားမရှိဖို့ ပဲလိုတယ်”လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၁ ရက် မနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ ပြုလုပ်မယ့် အသံတိတ်သပိတ်ကို ပြည်သူလူထုတွေ ကျယ်ကျယ်ပြန့်ပြန့် ပိုမိုသိရှိနိုင်စေဖို့ Social Media တွေကတဆင့် တက်ကြွလှုပ်ရှားသူတွေက ထပ်ဆင့် တိုက်တွန်းနှိုးဆော်ထားပါတယ်။

ဈေးဆိုင်ရှင်တွေအနေနဲ့ ပုံမှန်အတိုင်းဆိုင်ဖွင့်ထားမှာဖြစ်ပေမဲ့ ပြည်သူတွေက မနက် ၁၀ နာရီမှ ညနေ ၄ နာရီထိ အပြင်လုံးဝ မထွက်ခြင်းဖြင့် ကူညီပေးဖို့၊ ဝယ်စရာရှိတာတွေကို တစ်ရက်ကြိုဝယ်ထားကြဖို့၊ အသားငါး၊ အသီးအရွက်ရောင်းသူတွေနဲ့ စားသောက်ဆိုင်ပိုင်ရှင်‌တွေက အဆိုပါနေ့မှာ များများတင်မရောင်းဖို့နဲ့ ပိုမချက်ထားကြခြင်းဖြင့် ကူညီပေးဖို့ နှိုးဆော်ထားပါတယ်။

ဘားအံမြို့ခံတက်ကြွလှုပ်ရှားသူ တစ်ဦးက “ဘယ်လိုယုတ်မာတဲ့ အစီအစဉ်တွေလုပ်လာပါစေ ပြည်သူတွေအနေနဲ့ အပြင်မထွက်ဘဲ စိတ်ဓာတ်ပြင်းထန်တယ်ဆိုတာ ပြသဖို့လိုတယ်။ စစ်အာဏာသိမ်းခဲ့တဲ့ ၁ နှစ်အတွင်းမှာ ကျနော်တို့ ပြည်သူတွေကို ဘယ်လိုဖမ်းဆီး၊ ညှဉ်းပန်းနှိပ်စက်၊ ထောင်ချ၊ သတ်ဖြတ်ခဲ့တာတွေ၊ နေအိမ်တွေကို ဘယ်လိုမီးရှို့ခဲ့လဲဆိုတာ‌ လုံးဝ မမေ့ကြပါနဲ့”လို့ ဆိုပါတယ်။

အဆိုပါနေ့မှာ စစ်ကောင်စီက အသံတိတ်သပိတ် မပြုလုပ်ဖို့ ခြိမ်းခြောက် လက်ကမ်းစာစောင်တွေ လိုက်လံဖြန့်ဝေထားတဲ့အပြင် ဈေးဆိုင်ပိတ်ထားတဲ့ ဆိုင်ရှင်တွေကို တည်ဆဲဥပဒေနဲ့ အရေးယူသွားမှာဖြစ်သလို ပစ္စည်းတွေကို နိုင်ငံတော်ပိုင်အဖြစ် သိမ်းဆည်းသွားမယ်လို့ မော်တော်ယာဉ်နဲ့ လိုက်လံခြိမ်းခြောက်ပြီး အသိပေးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up