ပါကစ္စတန်တွင် ပစ်ခတ်ခံရမှုကြောင့် သင်းအုပ်ဆရာတစ်ဦး သေဆုံး

ပါကစ္စတန်နိုင်ငံအနောက်မြောက်ပိုင်း ပဲ့ရှ်ဝါမြို့မှာ ချုံခိုတိုက်ခံရတာကြောင့် ခရစ်ယာန် သင်းအုပ်ဆရာ တယောက် သေနတ်ကျည်ဆန် ထိမှန်သေဆုံးပြီး သူ့ရဲ့လုပ်ဖော်ကိုင်ဖက် ဒဏ်ရာရခဲ့တယ်လို့ ရဲက ပြောပါတယ်။
ဒဏ်ရာရသူက အသက်အန္တရာယ် မရှိတော့ဘဲ ဆေးကုပေးထားတယ်လို့ မြို့တွင်းက လေဒီရိဒင်း ဆေးရုံတာဝန်ရှိသူက ပြောပါတယ်။
ဘယ်သူ ဘယ်ဝါမသိရတဲ့ တိုက်ခိုက်သူတွေက သင်းအုပ်ဆရာ ဝီလျံ စီရဂျ် နဲ့ သူ့ လုပ်ဖော်ကိုင်ဖက် စီးနင်းလိုက်ပါလာတဲ့ ကားကို နေအိမ်ကနေ မြို့တွင်း ချမ်ခါနအရပ်က ခရစ်ယာန် ဘုရားကျောင်းကိုအသွား လမ်းမှာ သေနတ်နဲ့ပစ်ခဲ့တာလို့ ရဲအရာရှိ ဟာရွန်းခန်းက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။
ပစ်ခတ်မှုအတွက် တာဝန်ခံကြောင်း ဘယ်သူမှ မကြေညာသေးပါဘူး။
လတ်တလော ရက်တွေအတွင်း တာရိခ် အီ တာလီဘန် ပါကစ္စတန်အဖွဲ့က လုပ်တာ အများစုဖြစ်တဲ့ စစ်သွေးကြွတိုက်ခိုက်မှုတွေ ပိုတိုးနေပါတယ်။
ဒီအဖွဲ့ဟာ အာဖဂန်နစ္စတန်က တာလီဘန်တွေနဲ့ ပတ်သက်နေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
၂၀၁၃ ခုနှစ်က ပဲ့ရှ်ဝါမြို့မှာ တနင်္ဂနွေဝတ်ပြုပွဲအပြီး အန်ဂလိကန် ဘုရားကျောင်းအပြင်မှာ အသေခံ တိုက်ခိုက်မှုကြောင့် လူ ၇၈ယောက်ထက် မနည်း သေဆုံးခဲ့ဖူးပါတယ်။