မော်လမြိုင်တွင် ဖေဖော်ဝါရီ ၁ ရက် ဆိုင်ပိတ်လျှင် တိုက်ခိုက်မည်ဟု ပျူစောထီးအဖွဲ့ ခြိမ်းခြောက်




မွန်ပြည်နယ်၊ မော်လမြိုင်မြို့က ဈေးတွေမှာ အာဏာသိမ်းတစ်နှစ်ပြည့်ဖြစ်တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ ဆိုင်ပိတ်ပါက တိုက်ခိုက်သွားမယ်လို့ ပျူစောထီးအဖွဲ့က ခြိမ်းခြောက်စာတွေ လိုက်ကပ်နေတယ်လို့ ဈေးသူ၊ ဈေးသားတွေက ပြောပါတယ်။
ပျူစာထီးအဖွဲ့ရဲ့ ခြိမ်းခြောက်စာမှာတော့ ဖေဖော်ဝါရီ ၁ ရက်နေ့ ဆိုင်ပိတ်ရင် အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်သွားမယ်လို့ ဖော်ပြထားတာပါ။
အခုလိုခြိမ်းခြောက်လာတဲ့အတွက်ကြောင့် ဈေးသူဈေးသားတွေအားလုံး အသက်အန္တရာယ်အတွက် စိုးရိမ်နေရကြောင်းနဲ့ အသံတိတ်သပိတ်မှာ ပြည်သူနဲ့အတူ ပါဝင် သွားမှာဖြစ်တဲ့အတွက်ကြောင့် ဆိုင်ဖွင့်မှာပေမယ့် ပြည်သူတွေအနေနဲ့ လာမဝယ်ကြဖို့ ဆိုင်ပိုင်ရှင် တစ်ဦးက ပြောပါတယ်။
လက်ရှိမှာတော့ အာဏာသိမ်း စစ်ကောင်စီဟာ မွန်ပြည်နယ်အနှံ့က ဈေးတွေ အပါအဝင် လမ်းဘေးကွမ်းယာဆိုင်ကအစ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ မဖြစ်မနေ ဆိုင်ဖွင့်ကြဖို့ အတင်းဓမ္မ လက်မှတ်လိုက်ထိုးခိုင်းနေတာပါ။
ဒါ့အပြင် အာဏာသိမ်း စစ်ကောင်စီဟာ မွန်ပြည်နယ်တစ်ခုလုံးမှာလည်း အသံတိတ်သပိတ် Silent Strike မှာ ပြည်သူတွေ မပါဝင်ကြဖို့နဲ့ ပါဝင်ရင် ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ ရပ်ကွက်၊ ကျေးရွာအသီးသီးမှာ လိုက်လံကြေညာနေတာပါ။