close

တရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၂၈၀ နီးပါးတွေ့ရှိ

မြန်မာနိုင်ငံမှာ တရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၂၇၈ ယောက်နဲ့ ကူးစက် ခံရသူပေါင်း ၅၃၅,၅၃၂ ယောက်ရှိခဲ့ပြီလို့ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက ဇန်နဝါရီ ၃၁ ရက်ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ဒီစစ်ဆေးမှုဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲ စမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှု တိကျတဲ့ ပမာဏအတိုင်းအဆကို မသိနိုင်သေးပါဘူး။

ဝန်ကြီးဌာနထုတ်ပြန်ချက်ထဲမှာတော့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၈,၂၉၀ ခုကို စစ်ဆေးခဲ့ရာမှာ ရောဂါကူးစက်မှုအသစ် ၂၇၈ ယောက် တွေ့ရှိခဲ့တာမို့ ပိုးတွေ့နှုန်း ၃ ဒသမ ၃၅ ရာခိုင်နှုန်း  ရှိနေပါတယ်။

ရောဂါပြန်လည်ပျောက်ကင်းသက်သာလာလို့ ဆေးရုံက ဆင်းခွင့်ရသူအရေအတွက်က တော့ အယောက် ၈၀ ရှိနေတယ်လို့ ဆိုပါတယ်။

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး စုစုပေါင်းသေဆုံးသူ အရေအတွက်ကတော့ ၁၉,၃၁၀ ယောက် ရှိနေပြီး ပြီးခဲ့တဲ့ ၈ ရက်ဆက်တိုက် ထပ်မံသေဆုံးသူ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တုန်းကတော့ ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့ကနေ ကယ်ဆယ်ရေး လေယာဉ်နဲ့ ပြန်လည်ဝင်ရောက်လာသူ မြန်မာနိုင်ငံသား ၄ ယောက်မှာ အိုမီခရွန်ရောဂါပိုး တွေ့ရှိရကြောင်း ကနဦး ထုတ်ပြန်ထားခဲ့တာပါ။

လတ်တလောမှာတော့ မြန်မာနိုင်ငံမှာ SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါ ပိုးတွေ့လူနာ ၃၀၀ ကျော်ထိ ရှိလာခဲ့ပြီဖြစ်တယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up