close

ကုလလုံခြုံရေးကောင်စီတွင် ယူကရိန်းအရေး အမေရိကန်နှင့် ရုရှား အချေအတင်ဖြစ်

ယူကရိန်းအရေးနဲ့ပတ်သက်ပြီး ရုရှားနိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စုတို့ကြား စစ်‌ရေးတင်းမာနေမှုကို ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဇန်နဝါရီ ၃၁ ရက်နေ့မှာ ကြားနာခဲ့ပြီး နှစ်နိုင်ငံစလုံးရဲ့ သံတမန်တွေက သူတို့ရပ်တည်ချက်တွေကို ပြင်းပြင်းထန်ထန် ပြောဆိုကြပါတယ်။

ကုလအမေရိကန်သံအမတ်ကြီး မစ္စလင်ဒါ သောမတ်စ် ဂရင်းဖီးလ်က “ယူကရိန်းနယ်စပ်မှာ ရုရှားတပ်တွေ ချထားပြီး ကျူးကျော်ဖို့ ခြိမ်းခြောက်နေတာတွေဟာ ရန်စခြင်းပါ။ ရုရှားက လုံခြုံရေးဆိုင်ရာ တောင်းဆိုမှုတွေ ထုတ်ပြီး အကျပ်ကိုင် ခြိမ်းခြောက်နေတယ်။ ကျမတို့ အမေရိကန်နဲ့ မဟာမိတ်တွေကတော့ ရန်မစဘူး၊ သံတမန်‌ရေးနဲ့ပဲ ဆောင်ရွက်နေပါတယ်” လို့ ပြောပါတယ်။

ရုရှားက ယူကရိန်းနယ်စပ်တလျှောက်မှာ  တပ်အင်အား ၁၀၀,၀၀၀ ကျော်ချထားပြီး ဘီလာရုဇ်မှာလည်း ယူကရိန်းကိုကျူးကျော်ဖို့ တပ်အင်အား ၃၀,၀၀၀ ကျော်ချထားတာ သက်သေအထောက်အထားတွေ ရှိတယ်လို့ မစ္စလင်ဒါက ပြောပါတယ်။

ရုရှား ကုလသံအမတ် ဗာဆီးလီ နီဘန်ဇီရာက “အနောက်အုပ်စုက တင်းမာမှုတွေ လျော့ချဖို့ ပြောနေပေမဲ့၊ သူတို့ကိုယ်တိုင်ပဲ တင်းမာမှုတွေဖန်တီးပြီး  ရန်စမှုတွေ လုပ်နေတာပါ။ အခု စစ်ရေးတင်းမာမှု လျော့ချရေး ဆွေးနွေးပွဲမှာကို ရန်စကားပြောဆိုနေတာပါ၊ သင်တို့ရဲ့ အပေါ်ယံစကားတွေ လက်တွေ့ဖြစ်လာဖို့ ရုရှားက စောင့်ဆိုင်းနေပါတယ်” လို့ တုံ့ပြန်ခဲ့ပါတယ်။

အမေရိကန်က လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံလုံးရဲ့ ဆွေးနွေးမှုကိုပါ တောင်းဆိုခဲ့ပါတယ်။ လုံခြုံရေးကောင်စီဆွေးနွေးမှုတွေ ဆက်လုပ်ဆောင်ဖို့အတွက် မဲခွဲဆုံးဖြတ်မှာ ထောက်ခံမဲ ၉ မဲ လိုအပ်ပေမဲ့၊ ၁၀ မဲ ရရှိခဲ့ပါတယ်။ ရုရှားနဲ့ တရုတ်တို့က ကန့်ကွတ်မဲပေးပြီး၊ အိန္ဒိယ၊ ကင်ညာနဲ့ ဂစ်ဘွန်တို့က မဲပေးဖို့ ရှောင်ရှားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up