ယူကရိန်းကို ကျူးကျော်လျှင် ရုရှားအား စီးပွားရေးပိတ်ဆို့အရေးယူမည်ဟု ဗြိတိန်နှင့်ကနေဒါပြော

ရုရှားဟာ ယူကရိန်းရဲ့အချုပ်အခြာနယ်မြေထဲ ဝင်ရောက်ကျူးကျော်လာတာနဲ့ ဗြိတိန်က ရုရှားကို ၁ မိနစ်မဆိုင်းဘဲ စီးပွားရေးပိတ်ဆို့အရေးယူမှုတွေ လုပ်သွားမယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ဂျွန်ဆင်က ပြောပါတယ်။
ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့ကို ရောက်ရှိနေတဲ့ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ယူကရိန်းသမ္မတနဲ့အတူ ဖေဖော်ဝါရီ ၁ ရက်နေ့က သတင်းစာရှင်းလင်းပွဲပြုလုပ် ပြောကြားခဲ့တာပါ။
“ကျနော်ဟာ ဗြိတိသျှလူထုအတွက် အဓိက ဦးစားပေးလုပ်ဆောင်ရပါတယ်။ အဲဒါနဲ့အတူ ကျနော်တို့ မိတ်ဆွေတွေ၊ မဟာမိတ်နိုင်ငံတွေရဲ့ ဆက်ဆံရေးနဲ့ လုံခြုံရေးအတွက် အာရုံစိုက် လုပ်ဆောင်ပါတယ်။ ဗြိတိန်က ယူကရိန်းနဲ့ ညီညွတ်မှုရှိကြောင်းပြသဖို့ လာခဲ့တာပါ” လို့ ပြောပါတယ်။
ဘောရစ်ဂျွန်ဆင်ဟာ ပြည်တွင်းမှာ ကိုဗစ်လော့ခ်ဒေါင်းချထားခိုက် ပါတီပွဲကျင်းပခဲ့မှုအတွက် စုံစမ်းစစ်ဆေးမှုခံနေရပြီး ဖိအားတွေရင်ဆိုင်နေရချိန်မှာ ကိယက်ဗ်မြို့ကို ရောက်လာတာပါ။
ဗြိတိန်က ယူကရိန်းကို ခေတ်မီ ဒုံးကာကွယ်ရေးလက်နက်တွေနဲ့ စစ်အရာရှိတွေ ပထမဆုံး ပို့ဆောင်ပေးခဲ့တဲ့ အနောက်နိုင်ငံလည်း ဖြစ်ပါတယ်။
ဘယ်လ်ဂျီယံနိုင်ငံကို ရောက်ရှိနေတဲ့ ကနေဒါနိုင်ငံကာကွယ်ရေးဝန်ကြီး မစ္စအနီတာ အာနန်ဒ်ကလည်း ရုရှားက ယူကရိန်းကို စစ်ရေးကျူးကျော်မှု လုပ်ခဲ့ပါက စီးပွားရေး၊ သံတမန်ရေး ဖြတ်တောက်ဖို့ အဆင်သင့်ရှိနေတယ်လို ဖေဖော်ဝါရီ ၁ ရက်နေ့က ပြောပါတယ်။
မစ္စအနီတာက “ရုရှားအနေနဲ့ အရေးကြီးတဲ့ဆုံးဖြတ်ချက် လုပ်ရပါမယ်။ စစ်ရေးတင်းမာမှုလျော့ချဖို့ ညှိနှိုင်းဆွေးနွေးမှုလုပ်မလား၊ ဒါမှမဟုတ် ပြင်းထန်တဲ့စီးပွားရေးပိတ်ဆို့မှုတွေကို ရင်ဆိုင်မလား ဆိုတာပါ။ အဲဒီရွေးချယ်မှုက စားပွဲဝိုင်းပေါ်မှာ ရှိပါတယ်” လို့ သတင်းထောက်တွေကို ပြောပါတယ်။
မစ္စအနီတာက ဘရပ်ဆဲလ်မြို့မှာ နေတိုးတပ်ဖွဲ့ အတွင်းရေးမှူးချုပ်နဲ့တွေ့ဆုံပြီး ကနေဒါရဲ့ စစ်ရေးနဲ့ အစီအစဉ်တွေကိုလည်း ပြောပြပါတယ်။
“အခု ကျမတို့ စစ်ရေးနယ်ပယ်စုံ ထရိန်နင်ပေးမယ့်သူတွေ ယူကရိန်းမြေပြင်ကို ပို့တော့မှာပါ။ လက်နက်နဲ့ ငွေကြေးအကူအညီတွေပါ ပေးသွားပါမယ်။”