ဂရင်းဝုဒ်အမှုကိစ္စကြောင့် လင်ဂတ်ကို အငှားမချရန် ဆုံးဖြတ်ခဲ့ကြောင်း နည်းပြရင်းနစ်ခ်ပြော

တောင်ပံတိုက်စစ်ကစားသမား ဂရင်းဝုဒ်ရဲ့ အမှုကိစ္စကြောင့် ကွင်းလယ်လူ လင်ဂတ်ကို တခြားအသင်းဆီ အငှားမချဖို့ ဆုံးဖြတ်ခဲ့ရတယ်လို့ နည်းပြ ရင်းနစ်ခ်ကပြောပါတယ်။
ဂရင်းဝုဒ်ဟာ အတူနေချစ်သူ အမျိုးသမီးကို မုဒိမ်းမှုနဲ့ ကိုယ်ထိလက်ရောက်ကျူးလွန်မှုတွေကြောင့် ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးတာခံခဲ့ရပါတယ်။
အဲဒီအချိန်မှာ လင်ဂတ်ကိုခေါ်ယူဖို့ ဝက်စ်ဟမ်းနဲ့ နယူးကာဆယ်အသင်းတွေက ကမ်လှမ်းခဲ့ပေမယ့် ဂရင်းဝုဒ်ရဲ့အခြေအနေကြောင့် အပြောင်းအလဲဖြစ်ခဲ့တယ်လို့ နည်းပြ ရင်းနစ်ခ်ကဝန်ခံခဲ့တာပါ။
“လင်ဂတ်ကို အငှားမချဖြစ်တာက အချက်နှစ်ချက်ရှိပါတယ်။ ပထမတချက်ကတော့ မာဆန်ဂရင်းဝုဒ်ရဲ့ ပြဿနာကြောင့် သူအချိန်အတော်ကြာကစားလို့ မရနိုင်တာကြောင့်ဆိုတာ ရှင်းလင်းပါတယ်။ နောက်တချက်ကတော့ လင်ဂတ်အတွက် တခြားကလပ်အသင်းတွေနဲ့လည်း သဘောတူညီမှုမရတာတွေ ရှိပါတယ်” လို့ နည်းပြ ရင်းနစ်ခ်ကပြောပါတယ်။
မန်ယူအသင်းဟာ အမှုရင်ဆိုင်နေရတဲ့ ဂရင်းဝုဒ်ကို လူစာရင်းကနေ ထုတ်ပယ်ခဲ့သလို သူနဲ့ သက်ဆိုင်တဲ့ ပိုစတာတွေနဲ့ အရောင်းပစ္စည်းတွေကိုလည်း ပြန်လည်ဖြုတ်သိမ်းထားပါတယ်။
ဂရင်းဝုဒ်ဟာ ၃ ရက်ကြာ ဖမ်းဆီးခံခဲ့ရပြီးနောက် ရဲတပ်ဖွဲ့က ပြန်လည်စေလွှတ်ခဲ့ပေမယ့် ယူနိုက်တက်ဘက်က အသင်းကနေ ထုတ်ပယ်ထားဆဲဖြစ်ပြီး အမှုပြီးပြတ်တဲ့ အချိန်ရောက်မှ ပြန် လည်ခေါ်ယူဖို့ရှိနေပါတယ်။