လင်ဂတ်ကို အငှားခေါ်ယူရန် နယူးကာဆယ်အသင်း ဒုတိယအကြိမ်ကမ်းလှမ်း

နယူးကာဆယ်အသင်းဟာ မန်ယူကွင်းလယ်လူလင်ဂတ်ကို ခေါ်ယူဖို့အတွက် ဒုတိယအကြိမ် ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။
ပထမတစ်ကြိမ်ကမ်းလှမ်းချက်ကို မန်ယူအသင်းက ပယ်ချခဲ့ပြီးနောက်မှာ လင်ဂတ်ကို အငှားစာချုပ်နဲ့ခေါ်ယူဖို့ ဒုတိယအကြိမ်ကမ်းလှမ်းခဲ့တာပါ။
ဒီတစ်ကြိမ်မှာတော့ မန်ယူအသင်းနဲ့ သဘောတူညီမှုရရှိဖို့ နယူးကာဆယ်အသင်းက မျှော်လင့်နေပါတယ်။
လင်ဂတ်ဘက်ကတော့ အင်္ဂလန်အသင်းနဲ့အတူ ကမ္ဘာ့ဖလားလူစာရင်းမှာ ပါဝင်ချင်တာကြောင့် အသင်းပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။
အသက် ၂၉ နှစ်ရှိ အင်္ဂလန်ကွင်းလယ်လူ လင်ဂတ်ဟာ ယူနိုက်တက်ရဲ့ပွဲထွက်လူစာရင်းမှာ တစ်ကြိမ်တစ်ခါမှ ပါဝင်ဖူးခြင်းမရှိသေးဘဲ လူစားဝင်ကစားသမားအနေနဲ့သာ ကစားနေရတာပါ။ ပရီးမီးယားလိဂ်မှာတော့ လူစားဝင်ကစားတဲ့ ပွဲစဉ် ၉ ပွဲရှိပြီး ၂ ဂိုး သွင်းထားပါတယ်။
နယူးကာဆယ်အသင်းဟာ ဆီဗီလာနောက်ခံလူ ဒီယေဂိုကားလို့စ်ကို ခေါ်ယူနိုင်ဖို့လည်း ကြိုးပမ်းနေပါတယ်။