မောင်တောတွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်ပွား

စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့အကြား ရခိုင်ပြည်နယ် မောင်တောမြို့နယ်ထဲမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိခဲ့ပြီး လိုအပ်သလို တုံ့ပြန်ဆောင်ရွက်သွားမယ်လို့ AAပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။
စစ်ကောင်စီတပ်တွေနဲ့ ရက္ခိုင့်တပ်တော်အေအေတို့အကြား ဖေဖော်ဝါရီ ၄ ရက်နေ့ ညနေ့ပိုင်းက မောင်တောမြို့နယ်ထဲမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာပါ။
မောင်တောမြို့နယ်မြောက်ဘက် မီးတိုက်ရွာအနီးမှာရှိတဲ့ အေအေစခန်းတစ်ခုကို စစ်ကောင်စီတပ် လက်အောက်ခံ ခမရ ၃၅၂ စစ်ကြောင်း ၁ က လက်ဦးမှု ရယူတိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တာလို့ အေအေပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။
တိုက်ပွဲက တစ်နာရီနီးပါးကြာ ပြင်းထန်ခဲ့ပြီး အေအေ တပ်ဖွဲ့ဝင်တစ်ဦးကျဆုံးသွားပြီး စစ်ကောင်စီဘက်ကလည်း ထိခိုက်သေဆုံးတာတွေရှိပေမယ့် အသေးစိတ်ကိုတော့ မသိသေးဘူးလို့ ခိုင်သုခက ပြောပါတယ်။
စစ်ကောင်စီတပ်တွေဘက်က ထိုးစစ်ဆင်လာတာကြောင့် ဖြစ်ပွားရတာဖြစ်ပြီး တည်ငြိမ်နေတဲ့ ရခိုင်ပြည်နယ်ကို အခြေအနေဆိုးရွားလာအောင် ရည်ရွယ်ဆောင်ရွက်တာလို့ ဆိုပါတယ်။
”မြန်မာစစ်တပ်ဘက်က ရက္ခိုင့်တပ်တော် တပ်ဖွဲ့တွေရှိတဲ့နေရာကို ရုတ်တရက် ဝင်ရောက်ပစ်ခတ်တယ်ဆိုတာကတော့ တည်ငြိမ်နေတဲ့ ရခိုင်ပြည်ကို မတည်ငြိမ်ဖြစ်အောင်၊ အခြေအနေတွေ အခုထက်ပိုပြီး ဆိုးရွားလာအောင် မြန်မာစစ်တပ်ဘက်က ရည်ရွယ်ချက်ရှိရှိ လုပ်နေတဲ့ သဘောလည်းဖြစ်နိုင်တယ်လို့ သုံးသပ်ရတာပေါ့။”
ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ တစ်နှစ်ကျော်ကြာ ရပ်စဲနေခဲ့တာဖြစ်ပြီး တိုက်ပွဲတွေ ပြန်လည်ပြင်းထန်လာမလားဆိုတာကတော့ စစ်ကောင်စီရဲ့ လှုပ်ရှားမှုတွေအပေါ်မှာမူတည်ပြီး ရက္ခိုင့်တပ်တော်အနေနဲ့ကတော့ လိုအပ်သလို တုံ့ပြန်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
"မြန်မာစစ်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုအပေါ်အများကြီးမူတည်တယ်။ ကျနော်တို့ကတော့ သူတို့ လှုပ်ရှားမှုအပေါ်မှာ မူတည်ပြီးတော့ လိုအပ်ရင်လိုအပ်သလို တုံ့ပြန်သွားမှာဖြစ်တယ်ဗျ။"
ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေပြန်ပြီး ပြင်းထန်လာမှာကိုတော့ ဒေသခံတွေက စိုးရိမ်နေကြပါတယ်။
စစ်ကောင်စီတပ်တွေနဲ့ ရက္ခိုင့်တပ်တော်အေအေတို့အကြား ပြီးခဲ့တဲ့ ၂၀၂၀အထွေထွေရွေးကောက်ပွဲ မတိုင်ခင်က ကစတင်ပြီး နှစ်ဖက်နားလည်မှုနဲ့ တိုက်ပွဲတွေ ရပ်တန့်ခဲ့တာဖြစ်ပါတယ်။
အဲဒီလိုတိုက်ပွဲတွေ ရပ်တန့်နေတာဟာ စာချုပ်ကတိကဝတ်နဲ့ ရပ်ထားတာမျိုးမဟုတ်တဲ့အတွက် တိုက်ပွဲတွေကတော့ အချိန်မရွေးပြန်ဖြစ်လာနိုင်တယ်လို့ လေ့လာသူတွေကလည်း သုံးသပ်ထားကြပါတယ်။