ပူတာအိုမြို့တွင် ကျောင်းသားလူငယ်များ မူးယစ်ဆေးသုံးစွဲမှုများပြားလာ

ပူတာအိုမြို့တွင် စစ်ကောင်စီက ဖွင့်လှစ်သင်ကြားနေတဲ့ လက်ရှိ ကျောင်းတက်နေဆဲ ကျောင်းသား တချို့ မူးယစ်ဆေးသုံးစွဲနေကြတယ်လို့ အမည်မဖော်လိုတဲ့ ကျောင်းသားတစ်ဦးက ပြောပါတယ်၊၊
"ကျနော်တို့ ကျောင်းမှာ ကျောင်းသားအများစုက မူးယစ်ဆေးသုံးနေကြတယ်။ ဘယ်လို အခြေနေဆိုးလဲဆိုတော့ ၅ တန်း ကျောင်းသားလေးတွေအစ ဆေးလိပ်တဖွာဖွာနဲ့ သောက်နေကြတယ်။ ကျောင်းဆင်းပြီဆိုတာ နဲ့ ကျောင်းအိမ်သာတွေနဲ့ ကျောင်းအဆောင်အဟောင်းတွေမှာ အဖွဲ့လိုက်စုပြီး ဆေးသုံးနေကြတယ်။ ဆေးထိုးအပ်တွေ များကြီး တွေ့ရတယ်။ ကော်ဘူး၊ ရေသန့်ဘူးတွေရော ရှူကြတယ်။”
ပူတာအိုမြို့မှာ စစ်ကောင်စီက ဖွင့်ထားတဲ့ကျောင်းမှာ ဒေသခံကျောင်းသားအနည်းငယ်သာ တက်ရောက်ပြီး စစ်ကောင်စီကို မထောက်ခံတဲ့ မိဘတွေကတော့ ကလေးတွေကို ကျောင်း မတက်ခိုင်းဘူးလို့ မိဘတစ်ဦးက ပြောပါတယ်။
“စစ်အာဏာရှင်များရဲ့ လက်အောက်မှာဖွင့်ထားတဲ့ ကျောင်းကို တက်မယ်ဆိုရင် ကိုယ့်သား၊ သမီးတွေရဲ့ အနာဂတ်လည်း လှမှာမဟုတ်ဘူးလေ။ အဒေါ်ရဲ့ ကလေးတွေကိုက စစ်အာဏာရှင်တွေ ကျဆုံးတဲ့နောက်မှာပဲ ကျောင်းထားဖို့ ဆုံးဖြတ်ထားတယ်။”
ပူတာအိုမြို့ အထကကျောင်းမှာ ကျောင်းတက်နေဆဲ ကျောင်းသားတစ်ဦးရဲ့ မိဘဖြစ်သူကလည်း သူများသားသမီးတွေ ကျောင်းတက်နေကြတော့ ကလေးတွေပူဆာလို့သာ ကျောင်းတက်ခိုင်းနေရ တာလို့ ပြောပါတယ်။
"ဦးရဲ့သားလေးက သူ့သူငယ်ချင်းတွေကျောင်းသွားတာမြင်တော့ အရမ်းပူဆာတယ်။ ဦးက ကျောင်းမထားချင်ပေမဲ့ သားလေးစိတ်၀င်စားတဲ့အချိန်မှာ ကျောင်းသွားပါစေဆိုပြီး လွတ်ထားရတယ်။ အမှန်တိုင်း၀န်ခံရင် စစ်ကောင်စီက ဖွင့်ပေးတဲ့ကျောင်းမှာ မတက်ခိုင်းစေချင်ဘူး။”
ပူတာအိုမြို့မှာ စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်းမှာ အရက်ဆိုင်တွေ ရပ်ကွက်၊ ကျေးရွာတိုင်း များပြားလာသလို၊ မူးယစ်ဆေးဖြန့်ဖြူးရောင်းချမှုနဲ့ ကျောင်းသားတွေသာမက ဒေသခံလူကြီး၊ လူငယ်တွေ မူးယစ်ဆေးဝါးသုံးစွဲမှုလည်း မြင့်တက်လာတယ်လို့ သိရပါတယ်။