မော်ရိုကို၌ ပေ ၁၀၀ ကျော်အနက် ရေတွင်းထဲကျသွားသည့် ၅ နှစ်အရွယ်ကလေး သေဆုံး

မော်ရိုကိုနိုင်ငံမြောက်ဘက် ပေ ၁၀၀ ကျော်နက်တဲ့ ရေတွင်းပျက်ထဲ ပြုတ်ကျသွားတဲ့ ၅ နှစ်အရွယ် ကလေးကို ၅ မြောက်နေ့ ဒီနေ့မနက်မှာ ကယ်ဆယ်ရေးအဖွဲ့တွေ ခက်ခက်ခဲခဲ ကယ်ထုတ်နိုင်ခဲ့ပေမဲ့ အသက်မရှင်ခဲ့ဘူးလို့ နိုင်ငံပိုင်သတင်းက ကြေညာပါတယ်။
‘ရယန်’ အမည်ရှိ ကလေး ကျသွားတဲ့ ရေတွင်းထိပ်ဝက ၁၈ လက်မလောက်ပဲ ကျယ်တာကြောင့် ကယ်ဆယ်ရေးသမားတွေ ဆင်းဖို့ မလွယ်လှတာကြောင့် ရေတွင်းအနီး ကျောက်ထုကို စက်ယန္တရားတွေအသုံးပြုပြီး အလုပ်သမားတွေ နေ့နေ့ညည ၅ ရက်တိတိ တူးခဲ့ရတာပါ။
ကလေးရှိတဲ့ တွင်းအောက်ဘက်နားကို အလုပ်သမားတွေက မြေမပြိုအောင် ယန္တရားနဲ့ ဂရုစိုက် ပတ်တူးခဲ့ပြီး တွင်းနှစ်ခု ရေပြင်ညီဖြစ်သွားတော့မှ လှိုဏ်ခေါင်းပိုက်ဖောက်ပြီး ကလေးကို ကယ်တင်ဖို့ ကြိုးစားခဲ့တာပါ။
ရယန်လေးကို ကယ်တင်ဖို့ ကယ်ဆယ်ရေးလုပ်သားတွေ လုပ်ဆောင်နေတာကို အနီးအနားရွာတွေ က လူတွေ ရာနဲ့ချီပြီး မအိပ်မနေ စိတ်လှုပ်ရှားစွာ စောင့်ကြည့်ပြီး တနိုင်ငံလုံး စိတ်လှုပ်ရှားနေခဲ့ပေမဲ့ ရယန်လေး အသက်ပါမလာတာကြောင့် စိတ်မကောင်းဖြစ်ကြရပါတယ်။