ယူကရိန်းနယ်စပ်နား ရုရှားစစ်တပ်တိုးမြှင့်ချထားမှုတုံ့ပြန်ရန် နေတိုးမဟာမိတ်အဖွဲ့ အင်အားတိုးချဲ့

ယူကရိန်းနယ်စပ်နားမှာ ရုရှားစစ်တပ်တွေ တိုးမြှင့်ချထားတာကို တုံ့ပြန်ဖို့ နေတိုးစစ်ရေးမဟာမိတ်အဖွဲ့ရဲ့ အရှေ့ဘက်စစ်မျက်နှာကို အင်အားတိုးချဲ့မှာဖြစ်ပြီး လစ်သူအေးနီးယားနိုင်ငံဆီ စစ်တပ်တွေ ပို့မိုစေလွှတ်ဖို့ လမ်းဖွင့်ခဲ့ပြီးပြီလို့ ဂျာမန်အဓိပတိ အောလော့ဖ်ရွှိုက်ဇ်က ဖေဖော်ဝါရီ ၆ ရက်က ပြောပါတယ်။
အမေရိကန်ကတော့ ပိုလန်နဲ့ ရိုမေးနီးယားမှာ နေတိုးအင်အားကို တိုးမြှင့်ဖို့ စစ်သည်နောက်ထပ် အယောက် ၃၀၀၀ ကို စေလွှတ်ရေး အမိန့်ပေးပြီးပါပြီ။
လစ်သူအေးနီးယားမှာ ဂျာမန်ခေါင်းဆောင်တဲ့ စစ်အုပ်စုကို အားဖြည့်ဖို့ ဂျာမန်အစိုးရက အသင့်ပဲ ဆိုတာ ဂျာမန်အဓိပတိက ARD ရုပ်သံကို ပြောခဲ့တာပါ။
ဂျာမန် အဓိပတိဟာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့တွေ့ဖို့ အမေရိကန်မြို့တော် ဝါရှင်တန်ဒီစီကို လေယာဉ်နဲ့ မသွားခင် ညတွင်းချင်းမှာ ပြောခဲ့တာလည်း ဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၁၀ ရက်မှာ ဂျာမနီမြို့တော် ဘာလင်ကို လာရောက်လည်ပတ်မယ့် ဘောလ်တစ် ပင်လယ်ကမ်းခြေက သုံးနိုင်ငံ ခေါင်းဆောင်တွေနဲ့ ဒီအရေးကို ဆွေးနွေးမယ်လို့လည်း ပြောပါတယ်။
ဂျာမနီနိုင်ငံရဲ့ ၂၀ ရာစုက သွေးစွန်းတဲ့ သမိုင်းကြောင်းကြောင့် ပဋိပက္ခနယ်မြေတွေဆီကို လက်နက် မတင်ပို့ရေး စည်းမျဉ်းမူဝါဒ ရှိနေလို့ ယူကရိန်းဆီ လက်နက်တင်ပို့ရေးကို ဂျာမနီဟာ တကြိမ်မက ပယ်ချခဲ့တာပါ။
နေတိုး စစ်ရေးမဟာမိတ်အဖွဲ့ကတော့ ပိုလန်၊ လစ်သူအေးနီးယား၊ လတ်ဗီယာနဲ့ အဲ့စ်တိုးနီးယား နိုင်ငံတွေမှာ စစ်သည်အင်အား စုစုပေါင်း ၅၀၀၀ ပါတဲ့ နိုင်ငံစုံ တိုက်ခိုက်ရေးတပ်ဖွဲ့ ၄ ဖွဲ့ကို တပ်ချထားပြီးပါပြီ။
ဒါဟာ ၂၀၁၄ တုန်းက ရုရှားက ယူကရိန်းရဲ့ ခရိုင်းမီးယားဒေသကို ကျူးကျော်မှုကို တုံ့ပြန် တပ်ချထားခဲ့တာပါ။
ဒါဟာ အမေရိကန်၊ ဂျာမနီ၊ ကနေဒါနဲ့ ဗြိတိန်တို့ ဦးဆောင်တဲ့ နေတိုး တိုက်ပွဲဝင်တပ်ဖွဲ့ဖြစ်ပြီး ဒေသတွင်း တိုက်ခိုက်မှုကို နှောင့်နှေးအောင်လုပ်ဖို့နဲ့ နောက်ထပ် နေတိုးတပ်တွေ ဒေသတွင်း ရှေ့တန်းကို ရောက်မလာခင် အချိန်ဆွဲထားဖို့ ရည်မှန်းထားတာပါ။
ဂျာမန်အဓိပတိကတော့ အနောက်နိုင်ငံတွေနဲ့ ရုရှားကြား တင်းမာမှုမှာ တိုးတက်မှု နည်းနည်း မြင်ထားတယ်။ အမေရိကန်နဲ့ ရုရှားကြားမှာ ဖြစ်စေ၊ ပြင်သစ်၊ ဂျာမနီ၊ ရုရှားနဲ့ ယူကရိန်းတို့ကြား နော်မန်ဒီပုံစံ ဆွေးနွေးပွဲတွေနဲ့ ဖြစ်စေ ဆွေးနွေးဖို့ အခွင့်အလမ်း တိုးလာနေတယ်လို့ ပြောခဲ့ပါတယ်။