ဒီပဲယင်းမြို့နယ် သပိတ်ခေါင်းဆောင် ၁ ဦး၏နေအိမ် ချိပ်ပိတ်ခံရ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့အတွင်းက သပိတ်ခေါင်းဆောင်တယောက်ရဲ့ နေအိမ်ကို ဖေဖော်ဝါရီ ၈ ရက် မနက် ၁၁ နာရီလောက်မှာ စစ်ကောင်စီက လာရောက်ချိပ်ပိတ်သွားတယ်လို့ မျက်မြင်တွေက ပြောပါတယ်။
နေအိမ်ချိပ်ပိတ်ခံရသူဟာ ဒီပဲယင်းမြို့နယ်အတွင်း သပိတ်ဦးဆောင်နေသူ ကိုသူရအောင် ဖြစ်တယ်လို့ သိရပါတယ်။
“အခုလို ကျနော်နေအိမ်ကို စစ်ကောင်စီက ပိတ်တာ အလုပ်ခံရမယ်လို့ အရင်ကတည်းက ကြိုတွက်ပြီးသားပါဗျ။ သူတို့ ကျနော့်အိမ်ကို ချိပ်ပိတ်လို့ ကျနော်လုပ်နေတဲ့ သပိတ်ကို နောက်ဆုတ်သွားမယ်လို့များ ထင်နေတာလားမသိဘူး။ သူတို့ အခုလိုလုပ်လိုက်လို့ ကျနော် အခုလုပ်နေတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လုပ်ငန်းကို နှစ်ဆပိုတိုးအလုပ်ခိုင်းတာလို့ ကျနော် နားလည်တယ်။ သူတို့က အခုလို ပြည်သူတွေရဲ့ ပိုင်ဆိုင်တာကို ချိပ်ပိတ်တာတို့၊ မီးရှို့တာတွေ လုပ်ဆောင်ရလို့ သူတို့ဘက်ကနိုင်ပြီလို့ ထင်နေရင် မှားသွားမယ်။ ကျနော်တို့ပြည်သူတွေက ခင်တွယ်စရာမရှိလေ ပိုပြီးတော်လှန်လို့ ကောင်းလေပဲဗျ။ သူတို့က ပြည်သူကို အကြောက်တရားသွင်းနေတာ။ သူတို့သွင်းတဲ့အကြောက်တရားဟာ ကျနော်တို့ပြည်သူတွေအတွက် မခံချင်တဲ့ တွန်းအားတခုဖြစ်သွားတယ်ဆိုတာ သူတို့ခေါင်းမပါတော့ နားမလည်လောက်ဘူး” လို့ ကိုသူရအောင်က ပြောပါတယ်။
ဒီပဲယင်းမြို့နယ်အတွင်း စစ်ကောင်စီကို ငြိမ်းချမ်းစွာ သပိတ်မှောက်ဆန္ဒပြတာကြောင့် နေအိမ် ချိပ်ပိတ်ခံရတာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။