ယင်းမာပင်တွင် စစ်ကောင်စီတပ်နှင့် ဒေသခံ PDF တိုက်ပွဲဖြစ်

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ်မှာ ဖေဖော်ဝါရီ ၈ ရက် ညနေ ၅ နာရီဝန်းကျင်က စစ်ကောင်စီတပ်ဖွဲ့နဲ့ ဒေသခံ PDF အဖွဲ့တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာဟာ ယင်းမာပင်မြို့နဲ့ နှောရိုးကျေးရွာကြားမှာဖြစ်ပြီး PDF အဖွဲ့တခုက စစ်ကောင်စီတပ်ဖွဲ့ကို ကြားဖြတ်တိုက်ခိုက်ရာကနေ တိုက်ပွဲစတင်ဖြစ်ပွားခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့နဲ့ ထိတွေ့တိုက်ခိုက်မှုဖြစ်ခဲ့တဲ့ အဖွဲ့ဟာ ကိုယ်ထူကိုယ်ထ ဗိုလ်စက္က ဦးဆောင်တဲ့ ဒေါင်းမင်း PDF အဖွဲ့ဖြစ်တယ်လို့ သိရပါတယ်။
"ယင်းမာပင်ဘက်ကနေလာတဲ့ စစ်ကောင်စီတပ်သား ၄ ဦးကို ကျနော်တို့အဖွဲ့က ဝင်လုံးတာ၊ သူပစ်ကိုယ်ပစ်တိုက်ခိုက်နေစဥ် သူတို့ (စစ်ကောင်စီ) ဘက်က တပ်ကူကားတစ်စီးရောက်လာပြီး လက်နက်ကြီး လက်နက်ငယ်များနဲ့ပါ ပစ်ခတ်မှုလုပ်ခဲ့တယ်။ အပြန်အလှန်ပစ်ခတ်မှုကြောင့် စစ်ကောင်စီဘက်မှာလည်း ထိခိုက်မှုရှိနိုင်ပြီး အရေအတွက်အတိအကျတော့ မသိရသလို ကျနော်တို့ (PDF) ရဲဘော် ၁ ဦးလည်း လက်နက်ကြီးကျည်ကြောင့် ခြေထောက်မှာ (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့တယ်” လို့ ဒေါင်းမင်း PDF အဖွဲ့ခေါင်းဆောင်က ပြောပါတယ်။
ဒါ့အပြင် ဖေဖော်ဝါရီ ၈ ရက်နေ့လည်ပိုင်းကလည်း မုံရွာဘက်ကနေလာတဲ့ စစ်ကောင်စီကားတွေကို တယ်ပင်ကန်ကျေးရွာအနောက်ဘက် အင်ကြင်းတောင်လမ်းခွဲအနီးမှာ PDF အဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ ကား ၁ စီးထိမှန်သွားသလို အကျအဆုံးများလည်းရှိကြောင်း၊ အဲဒီနောက် ယင်းမာပင်ဘက်ကနေ စစ်ကူလာတဲ့ စစ်ကောင်စီကားကိုလည်း ကောင်းဆင့်ကျေးရွာအရှေ့ဘက် ငါးကန်အနီးမှာ ထပ်မံမိုင်းဆွဲခံလိုက်ရတယ်လို့ ဒေသခံတွေကပြောပါတယ်။
ယင်းမာပင်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေ လှုပ်ရှားသွားလာမှုတွေရှိနေတာကြောင့် ဒေသခံပြည်သူတွေ နေအိမ်တွေမှာမနေရဲကြဘဲ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။