ဝုဗ်ကို အနိုင်ရခဲ့သည့် အာဆင်နယ် ဥရောပဝင်ခွင့်အတွက် အခြေအနေကောင်းလာ

မနေ့ညက ကစားသွားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အာဆင်နယ်က ဝုဗ်ကိုတစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရ ပြီး ဥရောပဝင်ခွင့်ရဖို့ အခြေအနေကောင်းသွားပါတယ်။
အာဆင်နယ်ဟာ ပွဲချိန် ၆၉ မိနစ်မှာ မာတင်နယ်လီ ၂ ဝါ ၁ နီနဲ့ ထုတ်ပယ်ခံခဲ့ရတာကြောင့် ၁ဝ ယောက်တည်းနဲ့ ခက်ခက်ခဲခဲကစားပြီး အနိုင်ဂိုးကို ထိန်းခဲ့တာပါ။
မာတင်နယ်လီဟာ စက္ကန့်ပိုင်းအတွင်းမှာပဲ ပြစ်ဒဏ် ၂ ကြိမ်ဆက်တိုက်ကျူးလွန်ခဲ့လို့ ဒိုင်လူကြီးက ၂ ဝါပြပြီး ထုတ်ပယ်ခဲ့တာပါ။
ဒီနိုင်ပွဲကြောင့် အာဆင်နယ်က မန်ယူနဲ့ ရမှတ်တူပေမယ့် တစ်ပွဲလျော့ ကစားထားပြီး အဆင့် ၅ နေရာ တက်လှမ်းနိုင်ခဲ့ပါတယ်။
အာဆင်နယ်ဟာ အဆင့် ၄ က ဝက်စ်ဟမ်းနဲ့ တစ်မှတ်ကွာနေပေမယ့် ၂ ပွဲလျော့ကစားထားလို့ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိမယ့် အဆင့်လေးနေရာအတွက်လည်း အခြေအနေ ကောင်းသွားခဲ့တာပါ။
တခြားပွဲစဉ်မှာတော့ လီဗာပူးက လက်စတာကို ၂ ဂိုး ဂိုးမရှိနဲ့ အိမ်ကွင်းမှာ အနိုင်ရခဲ့ပါတယ်။ ဒီယေဂိုဂျိုတာက ၂ ဂိုးစလုံးသွင်းခဲ့ပြီး ကစားသမားသစ် လူးဝစ်ဒီယက်ဇ်က မိနစ် ၉ဝ အထိ ပါဝင်ကစားသွားခဲ့သလို ဆာလာလည်း လူစားဝင်ကစားခဲ့ပါတယ်။