close

မင်းဘူးမြို့နယ် တရားရုံး ဗုံးခွဲတိုက်ခိုက်ခံရ

မကွေးတိုင်း မင်းဘူးမြို့နယ်မှာ ဖေဖော်ဝါရီ ၁၀ ရက်နေ့ ညပိုင်းမှာ မြို့နယ်တရားရုံးကို အနောက်ပိုင်းတိုင်း မြေအောက်တော်လှန်ရေး မဟာမိတ်တပ်ဖွဲ့က ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

မင်းဘူးမြို့ တရားရုံးကို မနေ့ညပိုင်းမှာ ဗုံးတစ်လုံး ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်ပျက်စီးမှုရှိနိုင်တယ်လို့ အနောက်ပိုင်းတိုင်း မြေအောက်တော်လှန်ရေးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ယောက်က ဒီဗွီဘီကိုပြောပါတယ်။

မကွေးတိုင်းကို လာသွားတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ပြည်သူလူထုက အစိုးရအဖြစ် အသိမှတ်မပြု၊ လက်မခံ၊ မကြိုဆိုဘူးဆိုတာကို ပြသတဲ့အနေနဲ့ ဖောက်ခွဲတိုက်ခိုက်တာဖြစ်သလို စစ်ကောင်စီရဲ့ အလိုကျ မတရား စီရင်နေတဲ့ တရားရုံးအမည်ခံတွေကို သတိပေးတာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

မင်းဘူး မြို့ခံတစ်ယောက်က “မင်းဘူးမြို့ တရားရုံးဘက်မှာ မနေ့ညက ဗုံးပေါက်ကွဲတာ ဟုတ်ပါတယ်ဗျ။ ပေါက်ကွဲတဲ့ အသံကတော့ အကျယ်ကြီးကြားလိုက်ရတယ်၊ မြေကြီးတွေပါ တုန်သွားတယ်။ အဲဒီပေါက်ကွဲပြီးတဲ့နောက်ပိုင်းမှာ ရဲကားတွေ စစ်ကောင်စီကားတွေတော့ ဖြတ်သွားတာ တွေ့ရတယ်” လို့ ပြောပါတယ်။

အဲဒီဗုံးပေါက်ကွဲတဲ့ ဖြစ်စဥ်ကို အသေးစိတ်သိရှိနိုင်ဖို့ မင်းဘူးမြို့မရဲစခန်းကို တယ်လီဖုန်းနဲ့ အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်းမရှိပါဘူး။

အနောက်ပိုင်းတိုင်း မြေအောက်တော်လှန်ရေး မဟာမိတ်တပ်ဖွဲ့ဟာ Traingle 3T PDF၊ စစ်ဆင်ရေးအထူးတပ်ဖွဲ့(မင်းဘူး)၊ အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့ ACDF၊ Salin(S)PDF၊ အထက်မင်းလှPDF နဲ့ AKDF တပ်ဖွဲ့တို့ ပူးပေါင်းဖွဲ့စည်းထားတာလို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up