close

ထိုင်းနိုင်ငံတွင် တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၂၇၀ ကျော်ဖမ်းဆီးခံရ

မြန်မာ-ထိုင်းနယ်စပ်၊ ပရာကျွတ်ခီရီခမ်ခရိုင်နဲ့ တာခ်ခရိုင်တို့မှာ   ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာတဲ့   မြန်မာနိုင်ငံသား အယောက် ၂၇၀ ကျော်ဖမ်းဆီးခံရတယ်လို့ ထိုင်းဒေသတွင်း မီဒီယာတွေက ဖေဖော်ဝါရီ ၉ ရက်က ဖော်ပြပါတယ်။

ပရာကျွတ်ခီရီခမ်ခရိုင်ကနေ ထိုင်းနိုင်ငံအတွင်းကိုဝင်ရောက်ဖို့ ကြိုးစားခဲ့တဲ့ မြန်မာနိုင်ငံသား  ၂၃၀ ကျော်လောက်  နယ်စပ်ကင်းလှည့်နေတဲ့ ထိုင်းအာဏာပိုင်တွေရဲ့ ဖမ်းဆီးခံခဲ့ရပါတယ်။

မြန်မာ-ထိုင်းနယ်စပ်ကတဆင့် တရားမဝင် ဝင်ရောက်ဖို့ ကြိုစားခဲ့တဲ့ မြန်မာနိုင်ငံသား ၃ အုပ်စုကို ထိုင်းအာဏာပိုင်တွေက ပရာကျွတ်ခီရီခမ်မြို့နယ် ဖမ်းဆီးမိခဲ့သလို ကန်ကျနဘူရီခရိုင်၊ ဆိုင်ယို့မြို့နယ်နဲ့ ကန်ကျနဘူရီမြို့နယ်မှာ တရားမဝင် ဝင်ရောက်ဖို့ကြိုးစားနေတဲ့ အုပ်စု ၄ အုပ်စုကို ထပ်မံဖမ်းဆီးရမိခဲ့ရာမှာ မြန်မာနိုင်ငံသား ၄၅ ဦး၊ လမ်းပြ ၄ ဦးနဲ့ ကား ၂ စီး ဖမ်းဆီးမိခဲ့ပါတယ်။

တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုနဲ့ အဖမ်းဆီးခံခဲ့ရတဲ့ မြန်မာနိုင်ငံသားတွေရဲ့ ပြောပြချက်အရ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်ခံရတာ၊ နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ အလုပ်အကိုင်မရှိကြတဲ့အတွက် တစ်ဦးကို ထိုင်းဘတ်ငွေ ၂၅၀၀၀  ပွဲစားခပေးပြီး ထိုင်းနိုင်ငံအတွင်းဝင်ရောက် အလုပ်လုပ်ကိုင်ဖို့ ရွေးချယ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အလားတူ ထိုင်း-မြန်မာနယ်စပ် တာခ်ရိုင်မှာလည်း  ထိုင်းနိုင်ငံကို တရားမဝင်သွားရောက်တဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမား ၄၁ ယောက်ကို  ထိုင်းလုံခြုံရေးစစ်တပ်နဲ့ ရဲတပ်ဖွဲ့အပါ ပူးပေါင်းအဖွဲ့က ဖေဖေါ်ဝါရီ ၉ ရက် ဒီမနက် ၄ နာရီလောက်မှာ  ဖမ်းဆီးရမိကြောင်း ထိုင်းနယ်မြေခံ စစ်တပ်သတင်းမှာ ဖေါ်ပြပါတယ်။

အဆိုပါ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေဟာ ကရင်ပြည်နယ် မြဝတီမြို့မြောက်ဘက်မှ ထိုင်းနိုင်ငံ တာခ်ခရိုင်၊ တာဆောင်ယမ်းမြို့၊ မဲ့တောင်တိုက်နယ် ရပ်ကွက် ၇ ဘက်ကို ကူးပြီးတင်လာချိန်မှာ ဖမ်းမိခဲ့တာပါ။ 

ထိုင်းပြည်ဝင်ခွင့်ကို လုံခြုံရေးတင်းကျပ်ထားတဲ့အတွက် လမ်းခရီးသွားလာသူတွေကို ထိုင်းအာဏာပိုင်တွေက စောင့်နေစဉ် မောင်းနင်းလာတဲ့ မော်တော်ယာဉ်နှစ်စီးကိုစစ်ဆေးရာမှာ တရားမဝင် လူကုန်ကူးတာဖြစ်တဲ့အတွက် မရပ်ပေးဘဲမောင်းပြေးသွားခဲ့ပြီး  လုံခြုံရေးအဖွဲ့က အချိန်အနည်းငယ်အတွင်း အဆိုပါ ကားနှစ်စီးကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။

ကားပေါ်မှ လိုက်ပါလာတဲ့ တရားမဝင် ရွှေ့ပြောင်းမြန်မာ  အလုပ်သမား ၄၁ ယောက်ဟာ မန္တလေးနဲ့ ဘားအံကဖြစ်ပြီး အိမ်နီးချင်း ထိုင်းနိုင်ငံကို သွားရောက်အလုပ်ရှာဖွေဖို့  ကယ်ရီကို ခရီးစားရိတ် ဘတ် ၂၃၀၀၀  ပေးဆောင်ထားသူတွေဖြစ်တယ်လို့ သိရပါတယ်။ 

လက်ရှိဖမ်းခံရတဲ့ ယာဉ်မောင်းနှစ်ယောက်ဟာ သောင်ရင်းမြစ်မှ ချင်းမိုင်တောတွင်းတနေရာကို ပို့ဆောင်ဖို့ တာဝန်ယူထားသူ တစ်ဦးလျှင် ဘတ် ၁၀,၀၀၀ ပေးခဲ့ရတယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရသူ ၄၁ ယောက်၊  ယာဉ်မောင်း ၂ ယောက်နဲ့  မော်တော်ကား ၂ စီးကို တာဆောင်ယမ်းမြို့မရဲစခန်းကို အပ်ပြီး ထိုင်းနိုင်ငံတရားဥပဒေ အတိုင်းအရေးယူသွားဖို့ ရှိပါတယ်။

ဖေဖေါ်ဝါရီ ၈ ရက်ကလည်း  မြန်မာ-ထိုင်းနယ်စပ် မဲဆောက်မြို့တွင်း စက်ရုံအလုပ်ရုံတွေကို ထိုင်းအာဏာပိုင်တွေက ဝင်ရောက်ဖမ်းဆီးတာလည်းရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up