close

ထိုင်းနိုင်ငံက MOU စနစ်ဖြင့် လုပ်သား ၉၀,၀၀၀ ခေါ်ယူရန် စီစဉ်နေ

ထိုင်းနိုင်ငံက သူ့စီးပွားရေးအတွက် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို သုံးနိုင်ငံမှ အလုပ်သမားတွေကို MOU စနစ်နဲ့ လုပ်သားအရေအတွက် ၉၀,၀၀၀ ခေါ်ယူသွားဖို့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကတည်းက စီစဉ်နေတယ်လို့ ဘန်ကောက်ပို့စ်သတင်းစာမှာ ဖော်ပြပါတယ်။

လုပ်သားခေါ်ယူမှုနဲ့စပ်လျဉ်ပြီး ထိုင်းနိုင်ငံမှ အလုပ်သမားဝန်ကြီး ဆူချတ်ချွမ်ကလင်က ပြည်ပရွှေ့ပြောင်းလုပ်သား အရေအတွက် ၉၀,၀၀၀ ကျော်  ခေါ်ယူဖို့ ထိုင်းလုပ်ငန်းရှင်တွေဆီက အဆိုပြုလွှာပေါင်း ၁၃၀၀ ကျော်လက်ခံ ရရှိထားတယ်လို့ ပြောပါတယ်။

“ခေါ်ယူတဲ့နေရာမှာလည်း မြန်မာနိုင်ငံက ၇၀ ရာခိုင်နှုန်းကျော်နဲ့ အများဆုံး အဆိုပြုထားပြီး ကမ္ဘောဒီယားက ၂၀ ရာခိုင်နှုန်းကျော် နဲ့ လာအိုက ၆ ရာခိုင်နှုန်းကျော် ရှိပါတယ်။  ပထမဆုံးအသုတ်အနေနဲ့ ကမ္ဘောဒီးယားမှ ရွှေ့ပြောင်းလုပ်သား ၁၅၈ ယောက်ကို ထိုင်းနယ်စပ် အလန်ယာပရာသက်ခရိုင်မှာ တပတ်ရက်ကြာ ကွာရန်တင်းထားရှိပါတယ်။ ဒါကြောင့် ပြည်ပရွှေ့ပြောင်းလုပ်သားတွေအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ကုသရေးမှာ ကျန်းမာရေးအာမခံချက်ရှိဖို့ ကာကွယ်ဆေးတွေကို အပြည့်အဝထိုးထား ရပါမယ်။  ကွာရန်တင်း လုပ်ငန်းစဉ် ပြီးဆုံးသွားရင်တော့ အလုပ်သမားတွေကို သူတို့ အလုပ်နေရာတွေဆီ ပို့ဆောင်ပေးမှာဖြစ်တယ် လို့ ဆိုပါတယ်။

မြန်မာ စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနကလည်း ထိုင်းနိုင်ငံဆီ မြန်မာအလုပ်သမားတွေကို MOU စနစ်ဖြင့် အမြန်ဆုံးစေလွှတ်နိုင်ဖို့ နှစ်ဖက်ဝန်ကြီးဌာနအကြားမှာ ညှိနှိုင်းမှုတွေ ဆောင်ရွက်နေတဲ့အကြောင်း အလုပ်သမားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်း က ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ပြည်တွင်းမှ မီဒီယာတခုအား ဖြေကြားထားပါတယ်။

ကွာရန်တင်းဝင်ရင် ကုန်ကျမယ့် စရိတ်တွေကို ထိုင်းအလုပ်ရှင်က ကျခံမယ်လို့ တော့ပြောတာတဲ့အတွက် ဒီကိစ္စသ‌ဘောတူစာချုပ်ထဲမှာထပ်ဖြည့်ပြီး နှစ်နိုင်ငံအစည်းအဝေးက အတည်ပြုတယ်ဆိုရင် အထက်ကိုတင်ပြပြီးတာနဲ့ စေလွှတ်ဖို့လုပ်ငန်းစမှာ ဖြစ်ပါတယ်လို့လည်း ဆိုပါတယ်။

ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်(MOEAF)မှ အဖွဲ့ဝင်လုပ်ငန်းရှင်တဦးက “လက်ရှိအခြေအနေကတော့ ဒီဘက်က အလုပ်သမားဝန်ကြီးဌာနအနေနဲ့ ကွာရန်တင်းကိစ္စတွေကို ထိုင်းအစိုးရနဲ့ညှိနေပါတယ်။ သွားမယ့် ကလေးတွေအတွက် ကွာရန်တင်းထားဖို့ ပြင်ဆင်တဲ့နေရာမှာ ကျနော်တို့ဆီက တနေ့ကို ရွှေ့ပြောင်းလုပ်သားက ၈၀၀ နဲ့ ၁၀၀၀ အကြားမှာ ရှိတာပါ။ ဒါက နယ်စပ်လမ်းကြောင်းကနေ တရားဝင် ဝင်တာပေါ့နော်။ အဲ့တော့ နယ်စပ်မှာ သူတို့ ပြင်ဆင်ထားတဲ့ ကွာရန်တင်းစင်တာက ၅၀၀ လောက်ပဲ ရှိတော့ မလုံလောက်ဘူး ဖြစ်နေတယ်။ အဲ့ဒိကိစ္စတွေကို ညှိနေပါတယ်။ ပြီးတော့ ကုန်ကျစရိတ် နှုန်းထားတွေပေါ့။ နှုန်းထားတွေကလည်း ညှိနေတုန်းပဲ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ထိုင်းနိုင်ငံဆီ MOU စနစ်ဖြင့် တရားဝင်စေလွှတ်ပေးနေတဲ့ အကျိုးဆောင်လုပ်ငန်းရှင်တဦးကလည်း “ကျနော်တို့အနေနဲ့ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ချက်တိတိလင်းလင်းပေါ့နော် အေဂျင်စီတွေထံ ညွှန်ကြားမှုမရသေးတော့ ကျနော်တို့ ဘက်က တရားဝင်လုပ်ဖို့က မရသေးဘူးလေနော်။ အခုဟာက ကွာရန်တင်းခတွေ ပြီးတော့ ဆေးစစ်ရမယ့်ဟာတွေကလည်း ရှိသေးတယ်။ ဆိုတော့ ဘယ်တော့လောက် စေလွှတ်မလဲ ဆိုတာက ဝန်ကြီးဌာနက မထုတ်ပြန်သေးတော့ ကျနော်တို့လည်း အတိအကျတော့ ပြောလို့ မရသေးဘူး” လို့ဆိုပါတယ်။

မြန်မာအလုပ်သမားဝန်ကြီးဌာနနဲ့ ထိုင်းအလုပ်သမားဝန်ကြီးဌာနတို့အကြားမှာ MOU စနစ်နဲ့ ထိုင်းနိုင်ငံဆီ မြန်မာအလုပ်သမားစေလွှတ်မှုကို ပြီးခဲ့တဲ့ ၂၀၁၂ အောက်တိုဘာလကစပြီး တရားဝင်စေလွှတ်ပေးခဲ့တာ ကိုဗစ်ကပ်ရောဂါမတိုင်မီ ၂၀၂၀ မတ်လ ၁၈ ရက်နေ့အထိ ရှိခဲ့ပါတယ်။

ဒါပေမဲ့ မြန်မာပြည်မှာ ကိုဗစ်ကပ်ရောဂါစတင်ဖြစ်ပွားပြီးတဲ့နောက် ထိုင်း-မြန်မာ နယ်စပ်ဖြစ်တဲ့ မြဝတီနယ်စပ်ဂိတ်စခန်း ပိတ်လိုက်ပြီးနောက် နှစ်နိုင်ငံအကြားမှာ တရားဝင်အလုပ်သမားစေလွှတ်မှုမရှိတော့တာ ယနေ့အချိန်အထိ ဖြစ်ပါ တယ်။

ထိုင်းနိုင်ငံမှာ MOU စနစ်နဲ့ တရားဝင်သွားရောက်လုပ်ကိုင်မယ့် အလုပ်သမားတဦးအတွက် ကုန်ကျစားရိတ်က မြန်မာအလုပ်သမားဝန်ကြီးဌာနက သတ်မှတ်ထားတာက မြန်မာငွေ ကျပ်တသိန်းခွဲရှိပြီး ထိုင်းဖက်အခြမ်းမှာတော့ work permit နဲ့ Visa ၊ ကားခ အတွက်က တချို့ကလည်း အလုပ်ရှင်တွေက အကုန်အကျခံပေးတာမျိုး ရှိသလို အကုန်အကျမခံရင် ထိုင်းဘတ် ၃၆၀၀ အထက်ကုန်ကျနိုင်ပါတယ်။ ဒီနှုန်းထားက ကိုဗစ် မတိုင်ခင်က သတ်မှတ်ခဲ့တဲ့ နှုန်းထားသာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up