ကံပေါက်ရွာသား နှစ်ဦးအား စစ်ကောင်စီက ဖမ်းဆီး၊ တစ်ဦးကို ခံဝန်ဖြင့် ပြန်လွှတ်

တနင်္သာရီတိုင်း ရေဖြူမြိူ့နယ် ကံပေါက်ဒေသမှာ ဖေဖော်ဝါရီ ၁၁ ရက်ညက လူငယ်နှစ်ဖြစ်တဲ့ မောင်တိုးအောင်နဲ့ မောင်နိုင်ဝေထွန်းတို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖေဖော်ဝါရီ ၁၁ ရက် ည ၁၁ နာရီခွဲလောက်မှာ သူတို့နှစ်ဦး ကံပေါက်ဆေးရုံမှာ အိပ်နေတဲ့အချိန် စစ်ကောင်စီတပ်ဖွဲ့က လာရောက်ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။
ဖမ်းဆီးခံရတဲ့ လူငယ်နှစ်ဦးဟာ ကံပေါက်ဒေသအကျိုးပြု ပရဟိတလုပ်ငန်းတွေ လုပ်ဆောင်နေသူတွေဖြစ်ပြီး လက်ရှိလည်း ကံပေါက်တိုက်နယ်ဆေးရုံမှာ ဝိုင်းဝန်းကူညီပေးနေကြကာ ဘာကြောင့်ဖမ်းဆီးတယ်ဆိုတာ မသိရဘူးလို့ ဒေသခံတဦးက ပြောပါတယ်။
ဖမ်းဆီးခံရသူ ၂ ဦးအနက် မောင်နိုင်ဝေထွန်းကိုတော့ ကံပေါက်နယ်မြေရဲစခန်းက အာမခံ ခံဝန်နဲ့ လက်မှတ်ထိုးခိုင်းပြီး ဖေဖော်ဝါရီ ၁၂ ရက်နေ့က ပြန်လွှတ်ပေးလိုက်ပါတယ်။
မောင်တိုးအောင်ကိုတော့ ကံပေါက်မောရဝတီ ရေတပ်စခန်းဌာနချုပ်စစ်ကြောရေးမှာ စစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အရင်က မောင်တိုးအောင်ဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒထုတ်ဖော်ပွဲမှာ ပါဝင်တယ်ဆိုပြီး ထောင်ဒဏ် ၁ လ ချမှတ်ခံခဲ့ရဖူးပါတယ်။
ထောင်ကပြန်လည်လွတ်မြောက်လာပြီးတဲ့နောက် မောင်တိုးအောင်ဟာ ပရဟိတ လုပ်ငန်းတွေကိုသာ လုပ်ကိုင်နေတာဖြစ်ပြီး ရွာထဲမှာလည်း အနေအေးဆေးသူဖြစ်ကာ အခုအချိန်အထိ ဘာအမှုနဲ့ဖမ်းဆီးစစ်ဆေးနေတယ်ဆိုတာ မသိရသေးဘူးလို့ ဆိုပါတယ်။
ဒီနေအချိန်အထိ မောင်တိုးအောင် ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးတာကြောင့် မိသားစုဝင်တွေ စိုးရိမ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။