close

ရပ်စောက်မြို့နယ် ကျောက်ဂူကျေးရွာတွင် ရွာသူ ၂ ဦး မိုင်းနင်းမိ ဒဏ်ရာပြင်းထန်

ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် ကျောက်ဂူကျေးရွာအုပ်စုထဲမှာ ဖေဖော်ဝါရီ ၁၂ ရက်က  ရွာသူ အမျိုးသမီး ၂ ယောက်  လမ်းသွားရင်းမိုင်းနင်းမိလို့ ထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။

အသက် ၂၃ နှစ်ရွယ် နန်းမိုခေါင်နဲ့ ၁၉ နှစ်ရွယ် နန်းကြာဥတို့နှစ်ဦးဟာ ပြီးခဲ့တဲ့ စနေနေ့  ညနေပိုင်း ၃ နာရီကျော်လောက်မှာ ပန်ဆိုင်းရွာကနေ ကျောက်ဂူအုပ်စု နောင်ဝိုးကျေးရွာကို ဆိုင်ကယ်နဲ့ပြန်လာစဉ် ကြိုးတံတားအလွန်မှာ မိုင်းနင်းမိပြီး လူတွေဒဏ်ရာရသလို ဆိုင်ကယ်အင်ဂျင်လည်း နှစ်ခြမ်းကွဲပျက်စီးသွားတယ်လို့ ကျောက်ဂူဒေသခံတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။

“သူ့အမက ပန်ဆိုင်းရွာမှာအိမ်ထောင်ကျတယ်၊ အဲဒီနေ့က နောင်ဝိုးရွာကို ပြန်လာချင်တယ်ဆိုလို့ ညီမက ဆိုင်ကယ်နဲ့သွားကြိုလာတာ၊ အသွားတုန်းက ဘာမှမဖြစ်ဘူး၊ အပြန်ကြိုးတံတားအလွန် ကုန်းတက်ကြီးဆိုတော့ ဆိုင်ကယ်လီဗာမြှင့်ပြီး မောင်းတယ်၊ အဲဒီမှာ မြက်တွေနဲ့ ဖုန်းထားတဲ့မိုင်းကိုနင်းမိတာ၊ သူ့အမက တင်ပါးနှစ်ဖက်လုံးနဲ့ နံရိုးကြားမှာထိတယ်၊ ညီမက ပေါင်မှာရော၊ တင်ပါးမှာရော၊ နောက်ကျောမှာရော သူကဒဏ်ရာပိုပြင်းတယ်၊ ဖြစ်ဖြစ်ချင်း နှစ်ယောက်လုံး မေ့လဲသွားကြတယ်တဲ့၊ ရွာသားတွေ လာတွေ့ပြီး နောင်ဝိုးရွာနားက မြန်မာစစ်တပ်ဆီခေါ်သွားတယ်။ ဆေးမှူးက ဆေးထိုးပြီးရပ်စောက်ဆေးရုံကိုလွှဲတယ်၊ ရပ်စောက်ဆေးရုံကလည်းဆေးဝါးမပြည့်စုံဘူး ဆိုပြီး တောင်ကြီးစဝ်စံထွန်းဆေးရုံကို ပြန်လွှဲပါတယ်၊ တောင်ကြီးရောက်တော့ ည ၁၀ နာရီကျော်ပြီ။”

မိုင်းထိမှန်သူတွေဟာ လယ်ယာလုပ်ကိုင်တဲ့တောသူတောင်သားတွေသာဖြစ်ပြီး ငွေကြေးလည်းမ ရှိကြောင်း၊ ဆေးရုံလာတော့ ညီအစ်မ ၂ ယောက်ပေါင်း ကျပ် ၇ သောင်းသာရှိပြီး ဆေးကု သစရိတ်မှာ အနည်းဆုံး ၁၀ သိန်းကျော်ကုန်ကျမှာမို့ အလှူရှင်လိုအပ်နေပါတယ်။ 

စေတနာရှင်တွေအနေနဲ့ ဖုန်းနံပါတ် ၀၉၇၅၅၉၂၂၉၅၂ ဒါမှမဟုတ် ၀၉၅၂၁၃၃၆၄ ကိုဆက်သွယ်လှူဒါန်းနိုင်ပါတယ်။

ကျောက်ဂူကျေးရွာအုပ်စုထဲမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၉ ရက်နေ့က ရှမ်းတပ် SSPP ဦးဆောင်တဲ့ တပ်ပေါင်းစုနဲ့ ရှမ်းတပ် RCSS တို့တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်ကလည်း လေယာဉ်နဲ့ လာရောက်ပစ်ချတာကြောင့် တပ်သားတွေရော ဒေသခံတွေပါ  သေဆုံးဒဏ်ရာရခဲ့ကြပါတယ်။ 

SSPP ဘက်က ၂ ဦးလက်နက်ထိမှန်ကျဆုံးပြီး ကျောက်ဂူမှာ အခြေစိုက်တဲ့ RCSS တပ်မှူးနဲ့တကွ တပ်ဖွဲ့ဝင်တွေ ဖမ်းဆီးရမိကြောင်း၊ ထိခိုက်ဒဏ်ရာရတဲ့ တပ်မှူးမိသားစုနဲ့ အဖွဲ့ဝင်တချို့ကို ဝမ်ဟိုင်းဌာနချုပ်ဆေးရုံမှာ ကုသပေးနေတယ်လို့ SSPP ဘက်က ထုတ်ပြန်ထားပါတယ်။ 

၉ ရက်နေ့က ကျောက်ဂူကျေးရွာထဲကို လက်နက်ကြီးကျရောက်ပြီး ပြောင်းဖူးဂို ဒေါင်နားက ဆိုင်ကယ်ပြင်ဆိုင်မီးလောင်ပျက်စီးသွားကြောင်း ဆိုင်ကယ်ပြင်သမားရဲ့ မိန်းမ ထိမှန်သေဆုံးပြီး ဆိုင်ကယ်ပါမီးလောင်ပျက်စီးသွားတယ်လို့ ရွာသားက ပြောပါတယ်။ 

အဆိုပါတိုက်ပွဲကြောင့် ကျောက်ဂူအုပ်စုရှိ ရွာပေါင်း ၁၀ ကျော်က ရွာသားထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး အခုနေခါတိုက်ပွဲငြိမ်သွားလို့ ရွာကိုအသီးသီးပြန်လာကြ ပြီဖြစ်ပါတယ်။ ဒါပေမဲ့ အခုလိုမိုင်းနင်းမိတဲ့ ဖြစ်စဉ်ပေါ်လာတာကြောင့် ရွာသားတွေ လယ်ယာလုပ်ငန်းခွင်ဝင်ဖို့ စိုးရိမ်နေကြပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up