မြန်မာ-ထိုင်းနယ်စပ် ဖုပ်ဖရတွင် ရွှေဆိုင်ဓားပြတိုက်၊ မြန်မာလုပ်သား ၁ ဦး သေနတ်မှန်သေဆုံး






ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် ဖုပ်ဖရမြို့ရှိ ရွှေဆိုင်တစ်ဆိုင်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ ရက် မွန်းလွဲ ၂ နာရီကျော်လောက်က ဓားပြတိုက်မှုဖြစ်ပွားခဲ့ပါတယ်။
စီစီကင်မရာမှတ်တမ်းနဲ့ မျက်မြင်သက်သေတွေရဲ့ ပြောပြချက်အရ ဓားပြ ၃ ယောက်ဟာ တိုယိုတာဟိုင်းလပ်ကားတစ်စီးနဲ့ ရောက်လာကြောင်း၊ ၁ ယောက်က အပြင်ကနေ အနေအထားစောင့်ကြည့်ပေးပြီး ၂ ယောက်က ရွှေဆိုင်ထဲဝင်ရောက်လာကာ သေနတ်နဲ့ ပစ်ခတ်ခြိမ်းခြောက်ပြီး အလေးချိန် ၃၀၀ ဘတ် (၂ ပိဿာကျော်ခန့်) ရှိ ရွှေထည်ပစ္စည်းတွေ ယူဆောင်သွားခဲ့တယ်လို့ ဆိုပါတယ်။
ဓားပြတွေ ဝင်ရောက်လာချိန် အသက် ၃၀ ကျော်ဝန်းကျင်ရှိ မြန်မာရွှေ့ပြောင်းလုပ်သား အမျိုးသား ၁ ဦးဟာ သားကိုလက်ဆောင်ပေးဖို့ ရွှေလာဝယ်နေကြောင်း၊ ရွှေထည်ရွေးနေစဉ် ရုတ်ရုတ်သဲသဲအသံကြားလို့ သူက အနောက်ကို လှည့်ကြည့်လိုက်ချိန်မှာ ဓားပြတွေပစ်လိုက်တဲ့ကျည်ဆန်က သူ့ရဲ့ဘယ်ဘက်ရင်ဘတ်ကို ထိမှန်ပြီး အခင်းဖြစ်နေရာမှာ သေဆုံးသွားတယ်လို့ မျက်မြင်တွေက ပြောပါတယ်။
ဓားပြတွေဟာ ရွှေထည်တွေ ရပြီးတာနဲ့ ချက်ချင်းကားနဲ့ပြန်ထွက်ပြေးသွားပြီး ကျူး လွန်ချိန်မှာ ၃ မိနစ်လောက်သာ ကြာမြင့်တယ်လို့ ဆိုပါတယ်။
ရဲတွေက ဓားပြတွေ ထွက်ပြေးရာလမ်းကြောင်းကို လိုက်လံရှာဖွေရာမှာ သူတို့ကျူးလွန်ရာ မှာ အသုံးပြုတဲ့ကားကို ဖုပ်ဖရမြို့နယ် ဖားကကြို့ကျေးရွာ အနီးနဲ့ ဖိနပ်၊ အဝတ်အစားတွေကို ဝါလေအုပ်စု ယဖောကျေးရွာအနီးရှိ ချောင်းစပ်မှာ တွေ့ရပြီး ချောင်းရေကိုကူးဖြတ်ကာ မြန်မာနိုင်ငံဘက်ခြမ်းကို ထွက်ပြေးသွားပြီလို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။
ဓားပြတိုက်ရာမှာ အသုံးပြုခဲ့တဲ့ကားမှာ ယခင်ဖုပ်ဖရမှာတာဝန်ကျဖူးပြီး အနားယူသွားတဲ့ ထိုင်းရဲအရာရှိတစ်ဦးအမည်ပေါက် ကားဖြစ်ကြောင်း၊ ဓားပြ ၃ ယောက်ထဲက တယောက်ရဲ့ ပုံပန်းသဏ္ဌာန်မှာ အဆိုပါရဲရဲ့ သားဖြစ်သူနဲ့ သဏ္ဌာန်တူကြောင်၊ ဒါပေမယ့် ဘယ်သူ့ကိုမှ စွဲချက်တင်တာမရှိသေးဘဲ သက်သေအထောက်အထားတွေ ဆက်လက်စုံစမ်းနေတယ်လို့ ဖုပ်ဖရရဲတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
ဒီအမှုမှာ ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ရဲချုပ်ကိုယ်တိုင် တာ့ခ်ခရိုင်ကို လာရောက်စစ်ဆေးပြီး တရားခံတွေ ဖမ်းဆီးရမိရေးအတွက် မြန်မာဘက်ခြမ်းက တာဝန်ရှိသူတွေဆီ အကြောင်းကြားထားတယ်လို့ ဆိုပါတယ်။
သေဆုံးသွားတဲ့ မြန်မာလုပ်သားဟာ ဇနီး နဲ့ သားသမီး ၄ ယောက်ကို လုပ်ကိုင်ရှာ ကျွေးနေတဲ့ အိမ်ထောင်ဦးစီးဖြစ်ပြီး အခုလို ဆုံးပါးသွားရတဲ့အတွက် ကျန်ရစ်သူမိသားစုတွေ အခက်အခဲဖြစ်နေတယ်လို့ ဇနီးဖြစ်သူကပြောကြောင်း ထိုင်းတီဗွီသတင်းမှာ ဖော်ပြသွားပါတယ်။