နေတိုးအဖွဲ့ဝင်ဖြစ်ရေး ဆက်လုပ်မယ်ဟု ယူကရိန်းသမ္မတ ပြော

ယူကရိန်းသမ္မတ ဗိုလော့ဒီမာ ဇာလန်းစကီးက တနင်္လာနေ့က ဂျာမန်ဝန်ကြီးချုပ်ကို လက်ခံ တွေ့ဆုံပြီး သတင်းစာရှင်းလင်းရာမှာ ရုရှားရဲ့အပြင်းအထန်ကန့်ကွတ်မှုနဲ့ အနောက်နိုင်ငံတွေရဲ့ သံသယရှိမှုတွေကြားကပဲ ယူကရိန်းဟာ နေတိုးအဖွဲ့အဝင်ဖြစ်ရေး ဆက်လက် လုပ်ဆောင်သွားမယ်လို့ အခိုင်အမာ ပြောခဲ့ပါတယ်။
ဇာလန်းစကီးက “အချို့သော နိုင်ငံ့ခေါင်းဆောင်တွေနဲ့ ဂျာနယ်လစ်တွေက ရုရှားရဲ့ အန္တရာယ်ပြုမှုတွေ ရှိတာကြောင့် ယူကရိန်းကို နေတိုးအဖွဲ့ဝင်ဖြစ်ရေး ဆောင်ရွက်မှုကို စွန့်စားမလုပ်ကိုင်ဖို့ အကြံပေးတာတွေ ရှိပါတယ်။ ကျနော်တို့ကတော့ နောက်မဆုတ်ဘူး ဆက်လက်ဆောင်ရွက်သွားမှာပါ” လို့ပြောပါတယ်။
“ယူကရိန်းက ဥရောပသမဂ္ဂနဲ့ ပူးပေါင်းပြီး မဟာမိတ်ဖွဲ့ဖို့နဲ့ နယ်စပ်လုံခြုံရေး အားကောင်းအောင်လုပ်ဖို့ ပြင်းပြတဲ့ဆန္ဒတွေ ရှိနေတာပါ။ နေတိုးအဖွဲ့ဝင်ဖြစ်မှသာ ကျနော်တို့နိုင်ငံ လုံခြုံရေးနဲ့ နယ်မြေတည်တံ့ရေးကို အာမခံနိုင်မယ်၊ ဒါက ယူကရိန်းအခြေခံဥပဒေမှာ ပါရှိတဲ့အတိုင်းပါပဲ” လို့ သတင်းသမားတွေကို ပြောပါတယ်။
“နိုင်ငံသားတဦးဟာ နိုင်ငံနဲ့ လူ့အဖွဲ့အစည်းအတွက် နေထိုင်ရမယ်။ ပတ်စပို့ကိုင်ထားရုံနဲ့ နိုင်ငံသားလို့ မခေါ်နိုင်ဘူး၊ နိုင်ငံတွင်းမှာရှိမှ နိုင်ငံသားလို့ ခေါ်နိုင်မယ်။ အမေရိကန်၊ ဝါဆော၊ ချက်၊ လတ်ဗီးယားတို့မှာ အခြေသွားချသူတွေကို မျိုးချစ်တွေလို့ မခေါ်နိုင်ဘူး၊ မျိုးချစ်စိတ်ရှိသူဟာ ပြည်တွင်းမှာပဲ ရှိရမယ်။ ကျနော်နဲ့ ကျနော့်မိသားစု ယူကရိန်းမှာပဲ အမြဲရှိနေမယ်။ ဘယ်မှ ထွက်မပြေးဘူး” လို့ ဆိုပါတယ်။