မတ္တရာမြို့နယ်အတွင်း စစ်ယာဉ်တန်း ၅ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်း မန္တလေး - မိုးကုတ် ကားလမ်းပေါ်မှာ ဖေဖော်ဝါရီ ၁၆ ရက် မနက်ပိုင်းက စစ်ကောင်စီယာဉ်တန်း ၅ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။
ဥက္ကံရွာနဲ့ ပွဲစားကုန်းရွာအကြားမှာ မနက် ၇ နာရီဝန်းကျင်က တစ်ကြိမ်၊ ဘိုးတော်တောင်ကွေ့အနီးမှာ တစ်ကြိမ် နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး စစ်ကောင်စီတပ်သား အသေပျောက်နဲ့ ဒဏ်ရာရတာရှိနိုင်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
အဲ့ဒီလိုတိုက်ခိုက်ခံရပြီး စစ်ကောင်စီယာဉ်တန်းဟာ ပြန်လည်ထွက်ခွာခဲ့ကာ မတ္တရာမြို့နယ် သပြေပင်ကုန်းကျေးရွာနဲ့ ဘိုကုန်းအကြားမှာ မနက် ၈ နာရီခွဲ ဝန်းကျင်က ထပ်မံ မိုင်းခွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံကပြော ပါတယ်။
“မနက်က မန္တလေးဘက်ကို သွားတဲ့ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရတာ။ သပြေပင်ကုန်းနားမှာ ဆွဲခံရတာ လေးယောက်ထိတယ်ကြားတယ်။ စစ်ကောင်စီတပ်ဘက်က အချက်သုံးဆယ်လောက် သေနတ်နဲ့ ပြန်ပစ်တာရှိတယ်” လို့ မတ္တရာမြို့နယ်နေ ပြည်သူတစ်ဦး က ပြောပါတယ်။
အဆိုပါယာဉ်တန်းဟာ မတ္တရာမြို့နယ် ကျောက်တံတား ကျေးရွာအနီးနဲ့ ပုသိမ်ကြီးမြို့နယ်နဲ့ မတ္တရာမြို့နယ် အစပ်တို့မှာလည်း ထပ်မံမိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။