မတ္တရာမြို့နယ်တွင် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ၉ နှစ်အရွယ် ကလေးငယ် သေဆုံး

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် မင်္ဂလာသီရိကျေးရွာနဲ့ လွန်တောင်းကျေးရွာကြားမှာ မိုင်းဆွဲခံရတဲ့ တပ်က သေနတ်နဲ့ ရမ်သန်းပစ်ခတ်ခဲ့ရာမှာ ဒေသခံ သားအမိနှစ်ယောက်နဲ့ အမျိုးသားတစ်ယောက် ကျည်ထိမှန်ခဲ့ကာ ကျည်ထိမှန်ခဲ့တဲ့ အသက် ကိုးနှစ်အရွယ် ယောကျ်ားလေးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဖေဖော်ဝါရီ ၃ ရက် မွန်းလွဲ ၁ နာရီလောက်က အင်အား ၁၀၀ လောက်ပါ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို မတ္တရာမြို့နယ်၊ ပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
မတ္တရာဒေသခံတစ်ဦးက “ရမ်းပစ်တာ သုံးယောက် ထိတယ်၊ ကိုးနှစ်သားလေးကတော့ ဆုံးတယ်။ အမေဖြစ်သူကတော့ မစိုးရိမ်ရဘူး။ ဒဏ်ရာက၊ နောက်တစ်ယောက်ကလည်း ဒဏ်ရာရတယ်။ သူတို့ကလည်း မတ္တရာဆေးရုံမှာပဲ ရှိတယ်”လို့ ပြောပါတယ်။
ပြီးခဲ့တဲ့လကလည်း မတ္တရာမြို့နယ်၊ သပြေပင်ကုန်းကျေးရွာနဲ့ မြောင်းသစ်ကျေးရွာအနီး၊ ကားလမ်းပေါ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်တွေရဲ့ ပစ်ခတ်မှုတွေကြောင့် ဒေသခံပြည်သူတယောက် လည်ပင်းရှပ်မှန် ဒဏ်ရာရခဲ့သလို တခြားတယောက်ကတော့ ဝမ်းဗိုက်ထိမှန်ဒဏ်ရာရခဲ့ပြီး သက်သာနေပြီလို့ သိရပါတယ်။