ယူကရိန်း၏ အကြီးဆုံးတင့်ကားထုတ်လုပ်ရေးစက်ရုံ ဖွင့်လှစ်ပြသ

ယူကရိန်းရဲ့ အကြီးဆုံး တင့်ကားထုတ်လုပ်ရေးစက်ရုံဖြစ်တဲ့ ခါခစ်ဗ် တင့်ကားစက်ရုံက သူ့ဝင်ပေါက်တွေကို မီဒီယာအတွက် ဖေဖော်ဝါရီ ၁၅ ရက်က ဖွင့်ပေးလိုက်ပါတယ်။
ဒုတိယကမ္ဘာစစ်တုန်းက T-34 ၊ စစ်အေးခေတ်က T-64 နဲ့ T-80 အပြင် ခေတ်သစ် ယူကရိန်း တင့်ကားတွေကို ထုတ်လုပ်တဲ့အတွက် ဒီစက်ရုံက လူသိများပါတယ်။
ရုရှားကျူးကျော်စစ် ဖြစ်နိုင်ခြေအတွက် စိုးရိမ်နေပေမယ့် အလုပ်ဆက်လုပ်နေတယ်လို့ စက်ရုံလည်ပတ်ရာ ယူကရိန်း အစိုးရပိုင် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး လုပ်ငန်းစုကြီးရဲ့ ဒါရိုက်တာချုပ်က ပြောပါတယ်။
ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး လုပ်ငန်းစုအောက်ကဌာနတိုင်းက တခုခု ဖြစ်လာခဲ့ရင် ရှင်းလင်းတဲ့ ညွှန်ကြားချက်တွေပေးတဲ့ အစီအစဉ်တွေ ရှိထားပြီးပြီလို့ စက်ရုံက စစ်သည်ဟောင်း တယောက်က ပြောပါတယ်။
ယူကရိန်းအစိုးရကို နေတိုးစစ်ရေး မဟာမိတ်အဖွဲ့နဲ့ မပူးပေါင်းအောင် ရုရှားက ဟန့်တားချင်နေလို့ ဥရောပတိုက်မှာ စစ်အေးခေတ်နှောင်းပိုင်း ဩဇာလွှမ်းမိုးရေးနဲ့ ယူကရိန်း အရေးတို့နဲ့ ပတ်သက်လို့ ရုရှား၊ အမေရိကန်နဲ့ ဥရောပတို့ဟာ အရှေ့ အနောက် ဆက်ဆံရေးအတွင်း အနက်ရှိုင်းဆုံး အကျပ်အတည်းတွေထဲက တရပ်နဲ့ ရင်ဆိုင်နေရတာပါ။
သောင်မတင်ရေမကျ အခြေအနေကို ဖြေလျှော့ဖို့ ယုံကြည်မှုတည်ဆောက်ရေးနဲ့ လက်နက် ထိန်းချုပ်ရေး ခြေလှမ်းတွေကို အနောက်နိုင်ငံတွေက အဆိုပြုခဲ့ပါတယ်။
ရုရှားနဲ့ ယူကရိန်းနယ်စပ်က ရုရှားစစ်သည်အင်အား ၁ သိန်း ၃ သောင်းကျော်ကိုလည်း ပြန်ရုပ်သိမ်းဖို့ အနောက်နိုင်ငံတွေက လိုလားနေပါတယ်။
ယူကရိန်းနယ်စပ်နားက ရုရှားစစ်တိုင်းတွေက တပ်တချို့ကတော့ စစ်ရေး လေ့ကျင့်ပြီးစီးတဲ့အခါ သူတို့ရဲ့ အခြေစိုက်စခန်းတွေကို ပြန်နေပြီလို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက အင်္ဂါနေ့မှာ ပြောပါတယ်။