close

ထားဝယ်ထောင်အတွင်း ထောင်ဒဏ် ၇ နှစ်ချမှတ်ခံရသည့် အကျဉ်းသူ အမျိုးသမီး ၁ ဦး အရေးပေါ် ဆေးကုသမှု လိုအပ်နေ

မခင်ကေခိုင်

တနင်္သာရီတိုင်း၊ ထားဝယ်အကျဥ်းထောင်အတွင်း အလုပ်နဲ့ ထောင်ဒဏ် ၇ နှစ် ချမှတ်ခံထားရတဲ့ မခင်ကေခိုင်ဟာ ဝမ်းဗိုက် ကျည်ဆန်ထိမှန်ထားတဲ့ ဒဏ်ရာကြောင့် အရေးပေါ်ဆေးကုသခွင့် အရေးတကြီးလိုအပ်နေတယ်လို့ ထားဝယ်နိုင်ငံရေးအကျဥ်းသားများကွန်ရက်(DPPN)ထံကနေ သိရပါတယ်။

မခင်ကေခိုင်ဟာ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်၊ ဝင်းကဖော်ကျေးရွာအတွင်းသို့ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်က စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ပစ်ခတ်မှုများကြောင့် ထွက်ပြေးတိမ်းရှောင်ရင်း ဝမ်းဗိုက်ကျည်ဆန် ထိမှန်ကာ အဖမ်းခံခဲ့ရသူ ဖြစ်ပါတယ်။

အဖမ်းခံရပြီးနောက် ထားဝယ်ပြည်သူ့ဆေးရုံကြီးနဲ့ ထားဝယ် စစ်ဆေးရုံတို့မှာ ဆေးကုသမှုခံယူခဲ့ရပြီး သည်းခြေအိတ်၊ အစာအိမ်၊ အဆုတ်တို့နဲ့ပတ်သက်ပြီး ကုသမှုခံယူထားသူဖြစ်တယ်လို့ သူနဲ့ နီးစပ်သူထံက သိရပါတယ်။

အသက် ၃၄ နှစ်အရွယ် မခင်ကေခိုင်ဟာ သာမာန် ဥယျာဥ်ခြံအလုပ်သမတစ်ဦးဖြစ်ပေမဲ့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ ထားဝယ်ထောင်တွင်းတရားရုံးကနေပြီး  သူ့ကို  ပုဒ်မ ၅၀၅ (က) ၊ ၅၂(က) တို့နဲ့  အလုပ်နဲ့ ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့တာဖြစ်ပါတယ်။

လက်ရှိ ထားဝယ်အကျဥ်းထောင်အတွင်း လုံလောက်တဲ့ ဆေးကုသမှုလိုအပ်နေတဲ့ အကျဥ်းသား/သူ ၃ ယောက်လောက်ရှိနေပြီး ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ (DDMSC)ကတော့ မခင်ကေခိုင်အပါအဝင် အကျဥ်းသား/သူများအား လုံလောက်တဲ့ ဆေးဝါးကုသခွင့်ရရှိအောင် စီစဥ်ဆောင်ရွက်ပေးဖို့ ထားဝယ်အကျဥ်းထောင် အာဏာပိုင်တွေကို တောင်းဆိုထားပါတယ်။

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်မှာ စက်တင်ဘာလကတည်းက ဒေသခံပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို ရှင်းလင်းဖို့ စစ်ကောင်စီတပ်သားတွေက အဝင်အထွက်လမ်းတွေ ပိတ်ဆို့ထားလို့ ဒေသခံပြည်သူတွေ ရိက္ခာပြတ်လပ်မှုနဲ့ ကြုံနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up