နေတိုးကာကွယ်ရေးဝန်ကြီးများ ရုရှားအန္တရာယ်အတွက် ညီညွတ်ကြောင်းပြသ

ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာ နေတိုးအဖွဲ့ဝင်နိုင်ငံ ၃၀ က ကာကွယ်ရေးဝန်ကြီးတွေ ဖေဖော်ဝါရီ ၁၅ နဲ့ ၁၆ နှစ်ရက်တာ တွေ့ဆုံဆွေးနွေးခဲ့ပြီး ယူကရိန်းရဲ့ နေတိုးအဖွဲ့ထဲ ဝင်ရောက်လိုမှုကို ကြိုဆိုကြောင်းနဲ့ ရုရှားရဲ့ ကျူးကျော်ရန်စမှုကို ကာကွယ်ပေးသွားဖို့ ညီညွတ်မှု ပြသခဲ့ပါတယ်။
နေတိုးအဖွဲ့ အတွင်းရေးမှူးချုပ် ဂျန်း စတိုလန်ဘတ်ဂ် က ရုရှားက တပ်အချို့ ရုတ်သိမ်းသွားတယ်လို့ ကြေညာပေမဲ့ ယူကရိန်းအနီးမှာ အပြင်းစားလေ့ကျင့်မှုတွေ ဆက်လုပ်နေသေးကြောင်း၊ ကျူးကျော်မှု ဖြစ်လာနိုင်ကြောင်း၊ ဒါပေမဲ့ သံတမန်ဆွေးနွေးမှုတွေကတဆင့် ပြဿနာပြေလည်စေဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။
နေတိုးအဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီးတွေက ရုရှားရဲ့ ကြီးမားတဲ့ နျူကလီးယား လက်နက်အစီအစဉ်တွေကို ဟန့်တားမှုအပါအဝင် လျှို့ဝှက်ဆွေးနွေးမှုတွေ လုပ်ခဲ့တာပါ။ အစည်းအဝေးအပြီးမှာ ရုရှားအန္တရာယ်အတွက် ညီညွတ်မှုပြသဖို့ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ပါတယ်။