မလိုအပ်သည့် သွေးချောင်းစီးမှုများ မလုပ်ရန် ပူတင်ကို ဂျိုးဘိုင်ဒင်ပြော

သမ္မတဂျိုးဘိုင်ဒင်က ရုရှားသမ္မတပူတင်ကို ယူကရိန်းနဲ့ စစ်ဖြစ်နိုင်မှုကနေ နောက်ဆုတ်ဖို့ လေးလေးနက်နက် တောင်းဆိုခဲ့ပါတယ်။
ရုရှားအနေနဲ့ မလိုအပ်ဘဲ အသက်သေဆံးမှု ဖျက်ဆီးမှုတွေ မလုပ်မိစေဖို့နဲ့ ပူတင်အနေနဲ့ နိုင်ငံတကာရဲ့ အမျက်ဒေါသကို မဆွမိစေဖို့ ပြောခဲ့ပါတယ်။
ဘိုင်ဒင်က ယူကရိန်းပတ်ပတ်လည်မှာ ရုရှားတပ်ဖွဲ့ ၁၅၀,၀၀၀ ခန့် ချထားတယ်လို့ ခန့်မှန်းထားပြီး အခု တပ်အချို့ ပြန်ရုတ်တာကို ကြိုဆိုပေမဲ့ ကျူးကျော်နိုင်မှု ဖြစ်နေခြေများစွာလည်း ရှိနေကြောင်း ပြောပါတယ်။
“အမေရိကန်နဲ့ နေတိုးအဖွဲ့က ရုရှားကို ခြိမ်းခြောက်နေတာ မရှိဘူး၊ ယူကရိန်းက ရုရှားကို ခြိမ်းခြောက်နေတာ မဟုတ်ဘူး။ အမေရိကန်နဲ့ နေတိုးရဲ့ ဒုံးကျည်တွေ ယူကရိန်းမှာ ချထားတာ မရှိဘူး။ ကျနော်တို့ ရုရှားပြည်သူတွေကို ပစ်မှတ်ထား ဘာမှလုပ်ဆောင်နေတာ မရှဘူး။ ရုရှားကို မတည်ငြိမ်အောင် ဘာမှမလုပ်ဘူး” လို့ ပြောပါတယ်။
သမ္မတ ဘိုင်ဒင်က ရုရှားပြည်သူတွေကိုလည်း တိုက်ရိုက် မေတ္တာရပ်ခံ ပြောဆိုခဲ့ပါတယ်။ “ရုရှားပြည်သူများ ခင်ဗျား၊ ကျနော်တို့က ခင်ဗျားတို့ ရန်သူတွေ မဟုတ်ဘူး၊ ခင်ဗျားတို့က သွေးချောင်းစီးမှု လိုလားမယ်လို့ ကျနော် မထင်ဘူး၊ ယူကရိန်းကို ဖျက်ဆီးဖို့ စစ်ပွဲဆင်နွှဲမယ်ချင်မယ်လို့ ကျနော် မထင်ဘူး၊ ရုရှားက တိုက်ခိုက်ခဲ့ရင် လူသားထုအနေနဲ့ ကြီးမားတဲ့ ဆုံရှုံးမှုတွေ ဖြစ်လာမယ်။ ကမ္ဘာကြီးက ရုရှားရဲ့ မလိုအပ်တဲ့ သတ်ဖြတ်မှုတွေကို ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး၊ ရုရှားရဲ့ကျူးကျော်မှုဟာ ခင်ဗျားတို့ပြည်တွင်းမှာပါ အကျိုးဆက်တွေ ခံစားရမှာပါ” လို့ ပြောခဲ့ပါတယ်။
အကယ်၍ ရုရှားက ကျူးကျော်လာရင် အမေရိကန်နဲ့ မဟာမိတ်တွေက မဖြစ်မနေ တုံ့ပြန်ဖို့ ဆုံးဖြတ်ပြီးသားပါ၊ ရုရှားက ကျွန်တော်တို့ ကုမ္ပဏီတွေနဲ့ အရေးကြီးတဲ့အဆောက်အအုံတွေကို ဆိုက်ဘာတိုက်ခိုက်မှုလုပ်လာရင် တုံ့ပြန်ဖို့လည်း ပြင်ဆင်ထားပြီးသားပါ၊ ကျူးကျော်မှုက ဖြစ်နိုင်ခြေရှိနေပါသေးတယ်၊ သံတမန်နည်းကိုလည်း ကျွန်တော်တို့ ကြိုဆိုနေပါတယ်လို့ ပြတ်ပြတ်သားသား ပြောခဲ့ပါတယ်။