ဂွါဒီယိုလာဟာ ကမ္ဘာ့အကောင်းဆုံးနည်းပြဖြစ်ဟု စပါးနည်းပြ ကွန်တီ ချီးကျူး

မန်စီးတီးနည်းပြဂွါဒီယိုလာဟာ ကမ္ဘာ့အကောင်းဆုံးနည်းပြဖြစ်တယ်လို့ ပြိုင်ဘက် စပါးနည်းပြ ကွန်တီက ချီးကျူးသွားပါတယ်။
စပါးအသင်းဟာ တနင်္ဂနွေနေ့မှာ မန်စီးတီးအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကစားရဖို့ရှိပြီး အဲဒီပွဲမတိုင်ခင်မှာ နည်းပြကွန်တီက ဂွါဒီယိုလာကိုထုတ်ဖော်ချီးကျူးခဲ့ တာပါ။
နည်းပြဂွာဒီယိုလာဟာ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်နဲ့ မန်စီးတီးအသင်းတွေကို ကွဲပြားခြားနားတဲ့ အခြေအနေတွေမှာတောင် အကောင်းဆုံးခြေစွမ်းရရှိအောင် လုပ်ဆောင်နိုင်သူဖြစ်တယ်လို့ ကွန်တီ ကပြောပါတယ်။
အဲဒီအသင်းတွေကလည်း အကောင်းဆုံးရင်းနှီးမြှုပ်နှံပေးခဲ့သလို ဂွာဒီယိုလာဟာလည်း အသင်းတိုင်းကို ယုံကြည်မှုပြန်ပေးခဲ့တယ်လို့ နည်းပြကွန်တီက ချီးကျူးပါတယ်။
“ပက်ဂွာဒီယိုလာရဲ့အသင်းကိုကြည့်လိုက်ရင် ဘောလုံးဒဿနတစ်ခုကို မြင်တွေ့နိုင်ပြီး ဒီလိုဖြစ်ဖို့ အတွက် လုပ်ဆောင်မှုတွေအများကြီးလိုတယ်ဆိုတာ နားလည်လိမ့်မယ်။ ဒီအချက်တွေကြောင့် ဂွါဒီယိုလာကလက်ရှိ ကမ္ဘာ့အကောင်းဆုံးနည်းပြဖြစ်တယ်” လို့ စပါးနည်းပြကွန်တီကပြောပါတယ်။
မန်စီးတီးနဲ့ ကွာဟချက်တွေရှိပေမယ့်လည်း အတတ်နိုင်ဆုံးကြိုးပမ်းယှဉ်ပြိုင်သွားမယ်လို့လည်း နည်းပြကွန်တီက ပြောသွားပါတယ်။