လီဗာပူးနှင့် အမှတ်ကွာဟချက်က ပြောပလောက်သည့်ကိစ္စမဟုတ်ဟု မန်စီးတီးနည်းပြပြော

လီဗာပူးအသင်းနဲ့ အမှတ်ကွာဟချက် အခြေအနေက ပြောပလောက်တဲ့ကိစ္စ မဟုတ်ကြောင်း မန်စီးတီး နည်းပြဂွါဒီယိုလာက ပြောပါတယ်။
မန်စီးတီးအသင်းဟာ လီဗာပူးအသင်းထက် တစ်ပွဲပိုကစားထားပြီး ၉ မှတ်ဖြတ်ကာ ဦးဆောင်ထားတာပါ။ အဲဒီကွာဟချက်က ပြောပလောက်တဲ့ အခြေအနေမဟုတ်ကြောင်းနဲ့ ရမှတ် ၉၀ ကျော်မှသာ အခြေအနေကောင်းမယ်လို့ ဂွါဒီယိုလာက ပြောသွားပါတယ်။
“လီဗာပူးနဲ့ ကွာဟချက်က ဘာမှာမဟုတ်ဘူး။ ကျနော်တို့ နိုင်ပွဲတွေအများကြီးရယူဖို့လိုသေးတယ်။ ရမှတ် ၉ဝ ကျော်မှာဖြစ်မယ်။ ၉၅ မှတ်၊ ၉၆ မှတ်လောက်ရမှ ချန်ပီယံဖြစ်မယ်။”
မန်စီးတီးအသင်းဟာ ပွဲစဉ် ၂၄ အပြီးမှာ ရမှတ် ၆၀ ရရှိခဲ့ပြီး လက်ကျန် ၁၄ ပွဲ ဆက်ကစားသွားရဦးမှာပါ။ မန်စီးတီးအသင်းဟာ ပြိုင်ပွဲစုံ နောက်ဆုံး ၁၉ ပွဲမှာ ၁၇ ပွဲအထိ အနိုင်ရခဲ့ပြီး တစ်ပွဲရူံး တစ်ပွဲသရေ ကျခဲ့ပါတယ်။
လက်ရှိခြေစွမ်းအရ ကမ္ဘာ့အကောင်းဆုံးအသင်းလို့ ပြောနေကြပေမယ့် ချန်ပီယံလိဂ်ဆုဖလားရယူထားတဲ့ ချဲလ်ဆီးအသင်းကသာ ကမ္ဘာ့အကောင်းဆုံးအသင်း ဖြစ်တယ်လို့လည်း နည်းပြဂွါဒီယိုလာက ပြောပါတယ်။