ဒိန်းမတ်ကလပ်ကို ပြောင်းရွှေ့ခဲ့သည့် ဝီလ်ရှိုင်းယား တပတ်လုပ်ခ ပေါင် ၅၀၀၀ သာရမည်

ဒိန်းမတ်ကလပ် AGF အော်ဟက်စ်အသင်းဆီ ပြောင်းရွှေ့သွားတဲ့ အာဆင်နယ်ကွင်းလယ်လူဟောင်း ဝီလ်ရှိုင်းယားဟာ တစ်ပတ်လုပ်ခ ပေါင် ၅၀၀၀ သာ ရရှိမယ်လို့ သိရပါတယ်။
ဗြိတိန်သတင်းစာ The Sun ရဲ့ဖော်ပြချက်အရ ဝီလ်ရှိုင်းယားအနေနဲ့ AGF အသင်းမှာ လုပ်ခအများဆုံးရရှိမှာမဟုတ်ဘဲ ဆုကြေးမပါဘဲ အခြေခံလုပ်ခအနေနဲ့ တစ်ပတ်ကို ပေါင် ၅ ထောင်သာ ရရှိမယ်လို့ ဆိုပါတယ်။
AGF အသင်းရဲ့ လုပ်ခအများဆုံးကစားသမားက နောက်ခံလူ တင်ဂါဂါဖြစ်ပြီး တစ်ပတ်လုပ်ခပေါင် ၆၇၀၀၊ ဒုတိယအများဆုံးက အသင်းခေါင်းဆောင်မော်တန်ဆန်ဖြစ်ပြီး တစ်ပတ်လုပ်ခပေါင် ၅၇၀၀ ရရှိတယ်လို့ The Sun ကဖော် ပြပါတယ်။
ပရီးမီးယားလိဂ်မှာဆိုရင်တော့ ကစားသမားတစ်ဦးရဲ့ တစ်ပတ်လုပ်ခက အနည်းဆုံးပေါင် သောင်းဂဏန်းကနေ သိန်းချီပြီရကြတာပါ။
အင်္ဂလန်လက်ရွေးစင်ဟောင်း ဝီလ်ရှိုင်းယားဟာ ပြီးခဲ့တဲ့ရာသီက ဘုန်းမောက်အသင်းမှာ ကာလ တိုစာချုပ်နဲ့ကစားခဲ့ပြီးနောက် အသင်းလက်မဲ့ဖြစ်ခဲ့ပါတယ်။
အခုနှစ်ရာသီအစက အင်္ဂလန်မှာ လေ့ကျင့်ဖို့ အသင်းမရှိတာကြောင့် အသင်းဟောင်း အာဆင်နယ်က ကူညီပြီး ပူးပေါင်းလေ့ကျင့်စေခဲ့ပါတယ်။
ဝီရှိုင်းယား ပြောင်းရွှေ့သွားတဲ့ AGF အသင်းဟာ ၁၂ သင်းရှိတဲ့ ဒိန်းမတ်လိဂ်မှာ အဆင့် ၇ နေရာ ရပ်တည်နေပါတယ်။