ထိုင်းတွင် ၃ နှစ်ကြာ နတ်ပူဇော်ခဲ့ပေမဲ့ ထီမပေါက်သဖြင့် စိတ်ဆိုးပြီး နတ်စင်ကို မီးရှို့

ထိုင်းအရှေ့မြောက်ပိုင်း၊ ဘူရီရမ်ခရိုင်ထဲမှာ ထိုင်းအမျိုးသားတယောက်ဟာ နတ်စင်ကို ၃ နှစ်ကြာ ပူဇော်ပသခဲ့ပြီး ထီပေါက်ဂဏန်းတောင်းခဲ့ပေမယ့် တကြိမ်မှ ထီမပေါက်လို့ စိတ်ဆိုးပြီး နတ်စင်ကို မီးရှို့ဖျက်ဆီးလိုက်ပါတယ်။
ဘူရီရမ်မြို့ အိဆန်ရပ်ကွက် အိမ်အမှတ် ၃/၃ နေ နိုင်းနိကွန်းထောင်းဖူးဟာ ပြီးခဲ့တဲ့နှစ်က ခေါင်းပြတ်သူရဲတကောင်က နေစရာမရှိလို့ပါဆိုပြီး အိပ်မက်မြင်မက်လို့ နတ်စင်ဝယ်ပြီး အိမ်ရှေ့မှာ ပူဇော်ထားခဲ့ကြောင်း၊ သူဟာ အဆိုပါနတ်ကို နေ့စဉ် အချိုရည်နဲ့ အလှူ အစားအစာတွေ ကပ်ပြီး ထီပေါက်ဂဏန်းပါ တောင်းခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ၃ နှစ်ကြာပူဇော်ပြီး တခါမှ ဂဏန်းအမှန်ကို မပေးခဲ့ကြောင်း ၊ ဒီလလယ်က ထွက်သွားတဲ့ နံပါတ်မှာ ၅၇၉ ဖြစ်ပြီး သူ့ရတဲ့နံပါတ်က ၅၃၇ သာဖြစ်တာကြောင့် လွန်စွာစိတ်နာပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ ရက်က အဆိုပါနတ်စင်ကို မီးရှို့လိုက်တာလို့ သတင်းထောက်တွေကို ပြောပါတယ်။
နတ်စင်မီးရှို့ချိန်မှာ ဆွေမျိုးနဲ့ အိမ်နီးချင်းတွေက ရေပုံးတွေအသင့်ပြင်ထားပြီး ဘေးအိမ်တွေကို မီးကူးမှာစိုးလို့ သူတို့ဝိုင်းငြှိမ်းသတ်ခဲ့ရာမှာ နတ်စင်ပိုင်ရှင်က တုတ်နဲ့ ဝင်ဟန့်တားခဲ့တယ်လို့ ဆိုပါတယ်။
“နတ်စင်ကို ဆက်ထားလို့လည်း အလကားပဲ။ အချိုရည်နဲ့အလှူစာပဲ ရှုံးတယ်”လို့ ပြောဆို မီးရှို့နေတဲ့ပုံ၊ နတ်ကိုလှောင်ရယ်နေတဲ့အသံတွေနဲ့ effect ပါထည့်ပြီး Tik Tok ထဲဖြန့်ခဲ့ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ချန်နယ် ၃ ထိုင်းတီဗွီသတင်းထောက်က နတ်ဆရာတစ်ဦးကို မေးရာမှာ အ ဆိုပါနတ်ဆရာက သူကိုးကွယ်ယုံကြည်တဲ့နတ်စင်ကို သူ့ဘာသာဖျက်ဆီးတာဟာ သူ့ကိစ္စသာ ဖြစ်တယ်လို့ ပြောပါတယ်။
အမှန်က နတ်စင်ဆောက်မယ်ဆိုရင် ကန်တော့ပွဲနဲ့ ဖိတ်ခေါ်ပူဇော်ရကြောင်း၊ အဲဒီလိုမှ မလုပ်ရင် နတ်တွေမှာလည်း နတ်ကောင်းလည်းရှိသလို နတ်ဆိုးလည်းရှိတတ်လို့ အခေါ်မှားတတ်ကြောင်းနဲ့ နတ်စင်ကို ဖျက်ဆီးမယ်ဆိုလည်း ကန်တော့ပွဲနဲ့ ရွှေ့ပြောင်းရမှာဖြစ်တယ်လို့ ပြောသွားပါတယ်။ နတ်စင်မီးရှို့မှုမှာ ပိုင်ရှင်အနေနဲ့ အရေးယူခံရတဲ့သတင်းတော့ မတွေ့ပါဘူး။