မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်၌ ဗုံးကွဲ၊ ရဲမှူး အပါအဝင် ၁၁ ဦးခန့် ဒဏ်ရာရ

မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ရန်ကုန် - မန္တလေး လမ်းဟောင်းနဲ့ သခင်ဖိုးလှကြီးလမ်း လမ်းဆုံ ရတနာပုံတက္ကသိုလ်သွားလမ်း မီးပွိုင့်မှာ ဖေဖော်ဝါရီ ၂၃ ရက် ဒီနေ့ညနေ ၄ နာရီက ဗုံးပေါက်ကွဲမှုကြောင့် မြို့နယ် ရဲမှူး အပါအဝင် ၁၁ ယောက်လောက် ဒဏ်ရာရခဲ့ပြီး တချို့ကို နန်းတွင်းစစ်ဆေးရုံကို သယ်ဆောင်သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
“ဗုံးကွဲတာ ထိတဲ့သူများတယ်။ သေတာတော့ မတွေ့မိဘူး။ ရဲမှူးတွေ အရာရှိတွေကို လူနာတင်ကားတွေနဲ့ သယ်သွားတယ်။”လို့ ပြည်ကြီးတံခွန်မြို့နယ်မှာနေထိုင်သူ တဦးက ပြောပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး တင်မောင်လင်းမှာ ခြေထောက်ဗုံးစထိမှန် ဒဏ်ရာ၊ ရဲအုပ် အိအိလှိုင်မှာ ပါးဗုံးစမှန်ဒဏ်ရာ၊ ဒုရဲအုပ် ကိုကိုဖြိုးမှာ ခြေကျင်းဝတ် ဗုံးစထိမှန်ဒဏ်ရာ၊ တပ်သား သီရိလွင်မှာ ဒူးဗုံးစထိမှန်ဒဏ်ရာ၊ ရဲဒုတပ်ကြပ် မျိုးတင့်ကြည်မှာ ခြေထောက် ဗုံးစမှန်ဒဏ်ရာ၊ မီးသတ်တပ်ကြပ်ကြီး စိုးလင်းအောင်မှာ ခြေထောက် ဗုံးစမှန်ဒဏ်ရာ၊ ထွေ/အုပ်ယာဥ်မောင်း ဦးထွန်းထွန်းလင်းမှာ ဂျိုင်းအောက်နဲ့ လက်မောင်း ဗုံးစမှန်ဒဏ်ရာ များရရှိခဲ့ကြပါတယ်။
ဒါ့အပြင် အရပ်သား ၄ ယောက်လောက်ဟာလည်း မစိုးရိမ်ရတဲ့ ဗုံးစထိမှန်မှန်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။