close

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဗန်းမော်မြို့နယ်အတွင်း လောင်းကစားရုံ ပိုများလာ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်ထဲမှာ စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း လောင်းကစားရုံတွေ ပိုမိုများလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လေးကောင်ဂျင်၊ ခြောက်ကောင်ဂျင်ကအစ ဖဲကစားနည်း၊ ငါးမန်းပစ်ဂိမ်းတွေအထိ ပါဝင်တဲ့ လောင်းကစားရုံတွေ အရင်ကထက်ပိုများလာပါတယ်။

အမည်မဖော်လိုတဲ့ ဗန်းမော်မြို့ခံတစ်ဦးက “အရင်က အဲလောက်မများဘူး တစ်ရုံ၊ နှစ်ရုံပဲ တိုးတိုးတိတ်တိတ်ပေါ့။ အခုနောက်ပိုင်း အာဏာသိမ်းပြီးတဲ့နောက် ပိုများလာတယ်၊ ပေါ်တင်လိုမျိုးပဲ။ ရဲတွေ စစ်သားတွေကော ဌာနဆိုင်ရာတွေကောသိတယ်။ ဒါပေမဲ့ ဝင်ဖမ်းတာလည်း မကြားဘူး၊ လုပ်ခိုင်းထားတာနေမှာ” လို့ ပြောပါတယ်။

တစ်နေရာတည်းမှာ လေးငါးမျိုးဆော့လို့ရတဲ့ လောင်းကစားရုံတွေ အပါအဝင်၊ ရပ်ကွက်ထဲက ကြက်ဝိုင်းလို လောင်းကစားနေရာတွေလည်း ပိုမိုများပြားလာပြီ လူငယ်တွေအပါအဝင် အရွယ်ပေါင်းစုံ လာရောက်ဆော့ကစားနေတာကြောင့် စည်ကားနေတယ်လို့ ဆိုပါတယ်။

“လာကစားတာက အရွယ်စုံပဲ၊ လူငယ်တွေကော လူကြီးတွေကောပဲ။ လာဆော့တဲ့သူတွေများတယ်၊ နိင်ငံရေးမကောင်းလည်း သူတို့ကတော့ သွားသွားလာလာပဲ" လို့ မြို့ခံက ဆက်ပြောပါတယ်။

လောင်းကစားရုံဖွင့်ထားတဲ့ ပိုင်ရှင်တွေဟာလည်း စစ်ကောင်စီနဲ့ နီးစပ်ဆက်နွယ်တဲ့သူတွေဖြစ်တယ်လို့ မြို့ခံ နောက်တစ်ယောက်က ပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း လောင်းကစားရုံတွေ ပိုမိုများပြားလာတာကြောင့် လောင်းကစားရုံတွေဖွင့်လှစ်ပြီး စစ်ကောင်စီထောက်တိုင်တွေကို ခိုင်မာအောင်ကူညီတာတွေ လုံးဝမပြုလုပ်ဖို့နဲ့ အပြီးအပိုင်ပိတ်သိမ်းဖို့ ၂၀၂၁၊ နိုဝင်ဘာ ၂၂ ရက်စွဲနဲ့ ဗန်းမော်ဒေသ ကချင်လွတ်မြောက်ရေးတပ်မတော်၊ တပ်ရင်း(၁)က ထုတ်ပြန်ထားပါတယ်။

ဗန်းမော်မြို့ပေါ် ရပ်ကွက်နဲ့ မြို့ပတ်ဝန်းကျင်တွေမှာ လောင်းကစားရုံ အကြီးအသေး ၇ ခုနဲ့အထက် အတားအဆီးမရှိ ဖွင့်လှစ်နေတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up