ရုရှားအပေါ် ကမ္ဘာက သံမဏိကန့်လန့်ကာသစ်ချမည့်အသံ ကြားနေရပြီဟု ယူကရိန်းသမ္မတပြော

ရုရှားတပ်တွေ ယူကရိန်းနိုင်ငံတွင်း ကျူးကျော်တိုက်ခဲ့တဲ့နောက် သမ္မတဗိုလိုဒီမာဇယ်လန်းစကီးက ဥရောပနိုင်ငံအားလုံးနီးပါးက ရုရှားကို သံမဏိကန့်လန့်ကာသစ် ချကြတော့မယ့် အသံ ကြားနေရပြီ လို့ ပြောပါတယ်။
ဇယ်လန်စကီးက “ကျနော်တို့ ဒီနေ့ ကြားနေရတာ ဒုံးကျည်သံတွေ လေယာဉ်ဗုံးကြဲသံတွေ တိုက်ပွဲ သံတွေတင် မကပါဘူး။ ယဉ်ကျေးတဲ့ကမ္ဘာကြီးတခုလုံးက ရုရှားကို အဆက်ဖြတ်ကြတော့မယ့် သံမဏိကန့်လန့်ကာသစ် ကျလာတဲ့အသံလည်း ကြားနေရပါတယ်။ ဗြိတိန်၊ ပြင်သစ်၊ ဂျာမဏီ၊ အမေရိကန်၊ ရိုမေးနီးယား၊ ဩစတြေးလျ၊ ဆွီဒင်၊ ပိုလန်၊ တူရကီနဲ့ အခြားကမ္ဘာ့ခေါင်းဆောင်တွေနဲ့ ဒီနေ့ စကားပြောဖြစ်ပါတယ်။ ယူကရိန်းကို မကူရင် သူတို့တံခါးဝကို စစ်ပွဲရောက်လာမယ်”လို့ ပြောပါတယ်။
“ရုရှားလေကြောင်းနဲ့ စစ်လက်နက် အများအပြားကို ယူကရိန်းတပ်တွေ ဖျက်ဆီးနိုင်ခဲ့တယ်။ ကံမကောင်းစွာပဲ ကျနော်တို့ သူရဲကောင်းတွေ ကျဆုံးတယ်။ ထိခိုက်ဒဏ်ရာရသူတွေကို နိုင်ငံတကာ ဆရာဝန်တွေ ဆေးအဖွဲ့တွေက ပြုစုပေးတယ်။ ရုရှားစစ်သားတွေလည်း ကျဆုံးပြီး ထိခိုက်သူတွေကို သူတို့ ရုရှားဆေးအဖွဲ့ကပဲ ပြုစုရတယ်။ ဂုဏ်ရောင်ထွန်းပြောင်တဲ့ ယူကရိန်းပါ။ ပူတင်ရဲ့ ရည်ရွယ်ချက်က ယူကရိန်းနိုင်ငံကို ဖျက်ဆီးဖို့ပါ” လို့ သမ္မတဇယ်လန်းစကီးက ပြောပါတယ်။