ရုရှားအပေါ် အနောက်နိုင်ငံများ၏ ပိတ်ဆို့ဒဏ်ခတ်မှု ထိရောက်မှု မရှိသလောက်နည်းပါး

ရုရှားဘဏ်တွေအပေါ် အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေဟာ ထိရောက်မှု မရှိသလောက် နည်းပါးတယ်လို့ ဖေဖော်ဝါရီ ၂၃ ရက် ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
ရုရှားဘဏ်ကြီးတွေဟာ ကမ္ဘာ့ဘဏ္ဍာရေးစနစ်ထဲမှာ နက်နက်ရှိုင်းရှိုင်း ပေါင်းစည်းထားတာကြောင့် အကြီးမားဆုံး အဖွဲ့အစည်းတွေအပေါ် ပိတ်ဆို့အရေးယူဒဏ်ခတ်မှုဟာ နယ်နမိတ်ကို ကျော်လွန် သက်ရောက်နိုင်တယ်လို့လဲ သုံးသပ်ထားပါတယ်။
ရုရှားဟာ ယူကရိန်းရဲ့ ခွဲထွက်ပြည်နယ် ၂ ခုကို လွတ်လပ်တဲ့ဒေသတွေအဖြစ် အသိအမှတ်ပြုလိုက်အပြီး အမေရိကန်၊ ဥရောပသမဂ္ဂ၊ ဗြိတိန်၊ ဩစတြေးလျနဲ့ ဂျပန်တို့က ဖေဖော်ဝါရီ ၂၂ နဲ့ ၂၃ ရက်တွေမှာ ပိတ်ဆို့ဒဏ်ခတ်မှုအသစ်တွေ ချမှတ်ကြောင်း အသီးသီး ကြေညာခဲ့တာပါ။
ဆုံးဖြတ်ချက် ချသူတွေကို ဘဏ္ဍာရေး ပံ့ပိုးနေတဲ့ ဘဏ်တွေ အပါအဝင် ခွဲထွက်ဒေသတွေထဲမှာ လုပ်ငန်းတွေ လည်ပတ်နေတဲ့ လူနဲ့ အဖွဲ့အစည်း ၂၇ ခုအပေါ် ဒဏ်ခတ်ဖို့ ဥရောပ နိုင်ငံခြားရေး ဝန်ကြီးတွေက သဘောတူခဲ့ကြပါတယ်။
ဗြိတိန်ကတော့ ရုရှားသမ္မတနဲ့ နီးကပ်တဲ့ ဘီလီယံနာ သူကြွယ်ကြီး ၃ ယောက်နဲ့ ဘဏ်ငါးခုကို ဒဏ်ခတ်ခဲ့ပါတယ်။
အမေရိကန်ကတော့ ရော့စီယာဘဏ်ကို ၂၀၁၄ ခုနှစ်တည်းက ဒဏ်ခတ်ထားပြီး ပရွန်စီယက်ဇ် ဘဏ်နဲ့ VEBဘဏ်တွေကို ဒဏ်ခတ်ခဲ့ပါတယ်။
ရုရှားနိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင် ကြွေးမြီဆိုင်ရာ တားမြစ်ချက်များကိုလည်း အမေရိကန်က အရှိန်မြှင့် လုပ်ဆောင်ခဲ့ပြီး ရုရှားအစိုးရက အနောက်နိုင်ငံတွေရဲ့ ဘဏ္ဍာငွေတွေ မရအောင် ဖြတ်တောက်ပစ်မယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောခဲ့ပါတယ်။
ရုရှားဗဟိုဘဏ်နဲ့ တခြားဘဏ်တွေက မတ်လ တရက်နောက်ပိုင်းမှာ ထုတ်ပြန်ထားတဲ့ ငွေချေးစာချုပ်တွေအတွက် ဒုတိယစျေးကွက်ထဲမှာ ပါဝင်နေတာကိုပါ ခြုံငုံမိအောင် လက်ရှိ ကန့်သတ်တားမြစ်ချက်တွေကို နယ်ပယ်တိုးချဲ့ထားတယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးက ပြောပါတယ်။