နျူကလီးယားလက်နက်ထိပ်ဖူး ၁၂၀၀၀ အမေရိကန်နှင့် ရုရှားတို့ ပိုင်ဆိုင်

ကမ္ဘာ့နိုင်ငံပေါင်း ၉ နိုင်ငံမှာ နျူကလီးယားလက်နက်ထိပ်ဖူး ၁၃,၀၀၀ နီးပါးရှိနေပြီး အဲဒီထဲက ၁၂,၀၀၀ နီးပါးက အမေရိကန်နဲ့ ရုရှားနိုင်ငံတွေက ပိုင်ဆိုင်ထားကြတယ်လို့ အမေရိကန် သိပ္ပံပညာရှင်များ အဖွဲ့ချုပ် (အက်ဖ်အေအက်စ်) က ပြောပါတယ်။
အစောပိုင်းတုန်းကတော့ အမေရိကန်က နျူကလီးယားလက်နက်တွေကို တဦးတည်း လက်ဝါးကြီးအုပ်ထားနိုင်ဖို့ မျှော်လင့်ထားခဲ့ပေမဲ့ မကြာခင်မှာပဲ အဏုမြူဗုံးတည်ဆောက်ရေး နည်းပညာလျှို့ဝှက်ချက်တွေဟာ မကြာခင်မှာပဲ ပျံ့နှံ့သွားခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက် ၁၉၄၅ ခုနှစ် ဇူလိုင်မှာ အမေရိကန်က သူတို့ရဲ့ ပထမဆုံးသော နျူကလီးယား လက်နက်စမ်းသပ်မှုကို ပြုလုပ်ခဲ့ပြီး အဲဒီနှစ် သြဂုတ်လထဲမှာပဲ ဂျပန်နိုင်ငံ၊ ဟီရိုရှီးမားနဲ့ နာဂါဆာကီမြို့တွေပေါ် အဏုမြူဗုံး ၂ လုံး ကြဲချခဲ့တာ ဖြစ်ပါတယ်။
၄ နှစ်အကြာမှာတော့ ဆိုဗီယက်ယူနီယမ်က သူတို့ရဲ့ ပထမဆုံး နျူကလီးယားလက်နက် စမ်းသပ်မှုကို ပြုလုပ်ခဲ့ကာ ယူကေက ၁၉၅၂ ခုနှစ်၊ ပြင်သစ်က ၁၉၆၀ ပြည့်နှစ်နဲ့ တရုတ်နိုင်ငံက ၁၉၆၄ ခုနှစ်တွေမှာ အသီးသီး စမ်းသပ်နိုင်ခဲ့ကြပါတယ်။
အဲဒီနောက် အမေရိကန်နဲ့ စိတ်တူကိုယ်တူနိုင်ငံတွေဟာ ၁၉၆၈ ခုနှစ်မှာ နျူကလီးယား လက်နက်မပြန့်ပွားရေးသဘောတူညီချက်ကို ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး ၁၉၉၆ ခုနှစ်မှာ တော့ နျူကလီးယားလက်နက်စမ်းသပ်မှု တားမြစ်ရေး သဘောတူညီချက်တွေကိုပါ လက်မှတ်ရေးထိုးခဲ့ကြပြီး အိန္ဒိယ၊ အစ္စရေးနဲ့ ပါကစ္စတန်နိုင်ငံတွေကတော့ ဘယ်တုန်းကမှ လက်မှတ်ရေးထိုးခဲ့တာ မရှိခဲ့ဘူးလို့ သိရပါတယ်။
အီရတ်နိုင်ငံကတော့ ၁၉၉၁ ခုနှစ် ပါရှန်ပင်လယ်ကွေ့စစ်ပွဲမတိုင်မီ ဆက်ဒမ်ဟူစိန်လက်ထက်မှာ လျှို့ဝှက်နျူကလီးယားအစီအစဉ်ကို စတင်လုပ်ဆောင်ခဲ့ပြီး မြောက်ကိုရီးယားနိုင်ငံကတော့ နျူကလီးယား လက်နက်မပြန့်ပွားရေး သဘောတူညီချက်ကနေ နုတ်ထွက်ကြောင်း ၂၀၀၃ ခုနှစ် ဇန်နဝါရီမှာ ကြေညာခဲ့ပြီး အဆင့်မြင့် နျူကလီးယားလက်နက်တွေကို အောင်အောင်မြင်မြင် စမ်းသပ်နိုင်ခဲ့တာပါ။
ဒါ့အပြင် အီရန်နဲ့ လစ်ဗျားနိုင်ငံတွေကလည်း အဆိုပါ သဘောတူညီချက်ကို ချိုးဖောက်ကာ လျှို့ဝှက်နျူကလီးယား လှုပ်ရှားမှုတွေကို လုပ်ဆောင်ခဲ့ပြီး ဆီးရီးယားကလည်း အလားတူ လုပ်ဆောင်ခဲ့တယ်လို့ သံသယရှိနေခဲ့ကြတာပါ။
လတ်တလော နျူကလီးယားလက်နက်ထိပ်ဖူးတွေ ပိုင်ဆိုင်မှုအနေနဲ့ ရုရှားနဲ့ အမေရိကန်နိုင်ငံတွေပြီးရင် တရုတ်က ၃၅၀ ၊ ပြင်သစ်က ၂၉၀ ၊ ယူကေက ၂၂၅ ၊ ပါကစ္စတန်က ၁၆၅ ၊ အိန္ဒိယက ၁၆၀ ၊ အစ္စရေးက ၉၀ နဲ့ မြောက်ကိုရီးယားက ၄၅ ခုစီ အသီးသီး ပိုင်ဆိုင်ထားကြတယ်လို့ ဆိုပါတယ်။