ရုရှား-ယူကရိန်း ဆွေးနွေးပွဲအတွက် ကိုယ်စားလှယ်လွှတ်ရန် အသင့်ဟု ပူတင်ပြော

ရုရှားနဲ့ ယူကရိန်းနိုင်ငံတို့က ကာကွယ်ရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးတို့ပါဝင်တဲ့ တွေ့ဆုံ ဆွေးနွေးပွဲကို ကိုယ်စားလှယ်စေလွှတ်ဖို့ အဆင့်သင့်ဖြစ်နေပြီလို့ ရုရှားသမ္မတ ဘလာဒီ မာပူတင်က ပြောပါတယ်။
နှစ်ဘက်ကိုယ်စားလှယ်တွေဟာ ဘီလာရုစ်နိုင်ငံမြို့တော် မင့်စ်မြို့မှာ တွေ့ဆုံဖွယ်ရှိပြီး ဘီလာရုစ် သမ္မတ အလက်ဇန်းဒါး လူကာရှန်ကိုကလည်း ညှိနှိုင်းဆွေးနွေးရေး အခြေအနေတွေကို ဖန်တီး မယ်လို့ ပြောပါတယ်။
ယူကရိန်းသမ္မတ ဇီလန်စကီးက ယူကရိန်းအနေနဲ့ ယူကရိန်းရဲ့ လုံခြုံရေး၊ ယူကရိန်းရဲ့ ဘက်မလိုက် ရပ်တည်ချက်တို့နဲ့ပတ်သက်လို့ ဆွေးနွေးဖို့ အဆင့်သင့် ရှိတယ်လို့ သောကြာနေ့မှာ ပြောပါတယ်။
ဒီလို ပြောပြီးနောက် ရုပ်မြင်သံကြား မိန့်ခွန်းမှာ ဇီလန်စကီးက ရုရှားနဲ့ ညှိနှိုင်းဆွေးနွေးရေး မျှော်လင့်တဲ့ အကြောင်းကို အခိုင်အမာ ထည့်သွင်းပြောကြားသွားပါတယ်။
ရုရှားသမ္မတ ပူတင်ဟာ ဖေဖော်ဝါရီ ၂၄ ရက်က အထူးစစ်ဆင်ရေးကြေညာပြီး ယူကရိန်းကို ကျူးကျော် တိုက်ခိုက်နေတာပါ။
ဒီမတိုင်ခင် သုံးရက်က လူဟန့်ခ်နဲ့ ဒွန်းနက်ခ် ဒေသတွေကို ရုရှားက သီးခြား လွတ်လပ်တဲ့ နယ်မြေတွေအဖြစ် အသိအမှတ်ပြုပေးခဲ့ပြီး စစ်ရေးအရ အကူအညီပေးဖို့ သဘောတူညီချက်ကို လည်း ခွဲထွက်ရေးခေါင်းဆောင်တွေနဲ့ သမ္မတ ပူတင်တို့ကြားမှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။
ယူကရိန်းကို ဝင်ရောက်ကျူးကျော်တဲ့ စစ်ကိုလည်း အဲဒီဒေသက ခေါင်းဆောင်တွေရဲ့ တောင်းဆိုချက်အရ လုပ်ဆောင်ရတာလို့ သမ္မတ ပူတင်က အကြောင်းပြပါတယ်။
ရုရှားတပ်တွေဟာ ယူကရိန်းမြို့တော် ကီးယက်ကို အနောက်ဘက်ကနေ ပိတ်ဆို့ထားပြီး တခြား မြို့တွေကိုလည်း စစ်ဆင်နေတယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနရဲ့ အဆိုအရ ရုရှားလေတပ်ဟာ ယူကရိန်းက စစ်ဘက်ဆိုင်ရာ ပစ်မှတ် ၂၁၁ ခုကို ဖျက်ဆီး ပစ်လိုက်နိုင်တယ်လို့ ဆိုပါတယ်။
သောကြာနေ့မှာ ယူကရိန်းမြို့ကြီးတွေဖြစ်တဲ့ ကီးယက်၊ ခါကက်၊ ရက်ဗ်နီ၊ ဒဗ်နို၊ ဆမ်မီ မြို့တွေမှာ လေကြောင်း တိုက်ခိုက်မှုတွေ၊ ဗုံးပေါက်ကွဲသံတွေနဲ့ ဆူညံနေပါတယ်။
တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ယူကရိန်းမှာ အခြေအနေတွေ ထိန်းမနိုင်သိမ်းမရ ဖြစ်နေပြီး ပြည်သူတွေဟာ ရသလောက် ပစ္စည်းတွေ စုဆောင်းပြီး မြို့တွေကို စွန့်ခွာထွက်ပြေးနေပါတယ်။
ယူကရိန်းစစ်သား ၁၃၇ ယောက်ကျဆုံးပြီး ၃၁၆ ယောက် ဒဏ်ရာရသွားတယ်လို့ သမ္မတ ဇီလန်စကီးက ပြောပါတယ်။
ကီးယက်မြို့မှာလည်း ကြာသာပတေးနေ့ကတည်းက ညမထွက်ရ ကာဗျူးအမိန့် ထုတ်ပြန်ထားပါတယ်။
သောကြာနေ့ညပိုင်းမှာ ယူကရိန်းသမ္မတက သူနဲ့ ဝန်ကြီးချုပ်အပါအဝင် အစိုးရတဖွဲ့လုံး မြို့တော် ကီယက်မှာ ရှိနေတဲ့အကြောင်းကို ဗီဒီယိုရိုက်ကူးပြီး တင်ထားတာ တွေ့ရပါတယ်။
သူဟာ ပစ်မှတ်တွေထဲက တစ်ခုဆိုတာ သိပေမယ့် ကီယက်မြို့ကနေ စွန့်ခွာသွားမှာ မဟုတ်ဘူးလို့ ပြောပါတယ်။
ဒီမတိုင်ခင် ရုရှားသမ္မတ ပူတင်က ယူကရိန်းသမ္မတဟာ ညှိနှိုင်းရခက်တဲ့ လူဖြစ်လို့ ယူကရိန်းစစ်တပ်က သမ္မတဆီက အာဏာသိမ်းဖို့ တိုက်တွန်းခဲ့ပါသေးတယ်။
ရုရှားရဲ့ကျူးကျော်စစ်ကြောင့် အခုအချိန်အထိ လူတသိန်းလောက်ဟာ အိုးအိမ် စွန့်ခွာထွက်ပြေးသွားရပြီး ဖြစ်ပါတယ်။
ထောင်ပေါင်းများစွာဟာ အိမ်နီးချင်းတွေဖြစ်တဲ့ မော်ဒိုဗာ၊ ရိုမေးနီးယား ၊ပိုလန် တို့ကို နယ်စပ်ဖြတ်ကျော် ခိုလှုံသွားပြီလို့ ကုလသမဂ္ဂဒုက္ခသည် အကူအညီပေးရေးအဖွဲ့ က ပြောပါတယ်။
စစ်ပွဲကြောင့် လူဦးရေ ၅ သန်းလောက် ပြည်ပကို ထွက်ပြေးဖို့ ရှိနိုင်ပြီး ၃ သန်းလောက် ပိုလန်ကို ခိုလှုံနိုင်တယ်လို့ ကုလသမဂ္ဂ အဖွဲ့တွေက ခန့်မှန်းထားပါတယ်။
နေတိုး စစ်မဟာမိတ်အဖွဲ့ဘက်က ယူကရိန်းနဲ့ နယ်စပ်မှာ စစ်အင်အားတိုးမြှင့်ထားပေမယ့် ယူကရိန်း နိုင်ငံထဲကိုတော့ တပ်တွေ စေလွှတ်ဖို့ မရှိဘူးလို့ ပြောပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကလည်း အမေရိကန် တပ်တွေ ယူကရိန်းမှာ ပို့ထားတာ မရှိသလို၊ ပို့ဖို့လည်း အစီအစဉ် မရှိဘူးလို့ ကြာသာပတေးနေ့မှာ ပြောပါတယ်။
လောလောဆယ်မှာ ပူတင်နဲ့ စကားပြောဖို့ အစီအစဉ် မရှိဘူးလို့လည်း ဂျိုးဘိုင်ဒင်က ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုနဲ့ အီးယူနိုင်ငံတွေက ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု အသစ်တွေကို တိုးမြှင့်ချမှတ်ထားပါတယ်။
ဒီထဲမှာရုရှားရဲ့ ဘဏ်စနစ်နဲ့ ငွေကြေးစနစ်တွေကို ပစ်မှတ်ထားတဲ့ ပိတ်ဆို့မှုတွေ ပါဝင်သလို၊ နောက်ထပ် စွမ်းအင်ကဏ္ဍ၊ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍ၊ ပို့ကုန်နဲ့ ဗီဇာ မူဝါဒကို ထိန်းချုပ်မယ့် ပိတ်ဆို့မှုတွေ ချမှတ်ဖို့ ရှိတယ်လို့ အီးယူကော်မရှင်ဥက္ကဋ္ဌက သောကြာနေ့မှာ ပြောပါတယ်။